မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့ သားသူဖြစ်သူ ကိုင်ရွန်နီကတော့ ယူနိုက်တက်အကယ်ဒမီအသင်းမှာ လျှမ်းလျှမ်းတောက်ခြေစွမ်းတွေကို ပြသနေပါတယ်။ ဖခင်ဖြစ်သူရဲ့ ခြေရာကိုလိုက်နင်းဖို့ အားထုတ်နေတဲ့ ဒီချာတိတ်လေးက ပြီးခဲ့တဲ့ရာသီတရာသီအတွင်းမှာပဲ ၅၆ ဂိုးအထိ သွင်းယူပြီး ၂၈ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ ကိုင်ရွန်နီဟာ ရော်နယ်ဒိုရဲ့သားဖြစ်သူ ဂျူနီယာနဲ့လည်း အသင်းဖော်တွေဖြစ်ပါတယ်။ သူတို့နှစ်ဥိးရဲ့ ဖခင်တွေတုန်းကလည်း ယူနိုက်တက်မှာ အတွဲအဖက်ညီညီနဲ့ ခြေစွမ်းပြခဲ့သလို ကလေးနှစ်ဦးကလည်း လူငယ်အသင်းမှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားနေကာ အနာဂတ်မှာ ယူနိုက်တက်အသင်းကြီးအတွက် အားကိုးရမယ့်သူတွေလို့ မှတ်ယူခံထးရပါတယ်။
ရွန်နီကတော့ ယူနိုက်တက်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး ၁၃ နှစ်ကြာ ကစားပေးခဲ့ရာမှာ ၂၅၃ ဂိုးအထိ သွင်းယူပေးကာ အောင်မြင်မှုအများအပြားရရှိခဲ့သူဖြစ်ပါတယ်။ သူ့သားကိုတော့ ရွန်နီကိုယ်တိုင်က ယူနိုက်တက်လူငယ်အသင်းဆီ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကိုယ်တိုင်လည်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိပုံစံအတိုင်းကိုသာ ထိန်းသိမ်းထားမယ်ဆိုရင်တော့ ကိုင်ရွန်နီကို တဆင့်ပြီးတဆင့် လူငယ်အသင်းတွေမှာ မြင်တွေ့ရဖွယ်ရာလည်းရှိပါတယ်။ ဖခင်လက်ထက်မှာ အသင်းပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာကို အပြည့်အ၀ရရှိခဲ့ပြီး လက်ရှိအချိန်ထိ အားပေးမှုတွေ ရှိနေသေးတဲ့ အမွေအနှစ်ကို ကိုင်ရွန်နီတယောက် ဆက်ခံနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာပါပဲ။