လန်ဒန်အခြေစိုက် Nothing ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာမယ့် Nothing Phone 1 ကို နောက်တစ်ပတ်က စပြီး လေလံတင် ရောင်းချတော့မယ်လို့ ဆိုပါတယ်။
Nothing ကုမ္ပဏီဟာ ဇူလိုင် ၁၂ ရက်နေ့ ဈေးကွက်မှာ တရားဝင်မိတ်ဆက်မှုလုပ်မယ့် Nothing Phone 1 ပထမဆုံးမော်ဒယ် အလုံး ၁၀၀ ကို StockX လေလံရုံနဲ့ ပူးပေါင်းပြီး ဈေးကွက်ထဲ မရောက်ခင် လေလံတင်မှု လုပ်သွားမှာပါ။ Serial အလိုက် ပထမဆုံး ထုတ်ထားတဲ့ Nothing Phone 1 အလုံး ၁၀၀ ကို StockX လေလံရုံမှာ ဇွန်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ Tech Times သတင်းက ဖော်ပြပါတယ်။
Nothing Phone 1 ရဲ့ Limited Edition ဖုန်းတွေကို လေလံဆွဲဖို့အတွက် StockX မှာ တရားဝင်အကောင့်အရင် ဖွင့်ရမှာ ဖြစ်ပြီး DropX ထုတ်ကုန်စာမျက်နှာမှာ လေလံတင်ထားရမှာပါ။ လေလံအောင်သူတွေဟာ ဒီဂဏန်းစဉ်အတိုင်း ထုတ်ထားတဲ့ Limited-Edition Nothing Phone 1 တွေကို ၃၅ ရက်အတွင်း လက်ဝယ်ရရှိမှာ ဖြစ်ပါတယ်။ ဒီလေလံမှာ မက္ကဆီကိုနဲ့ တောင်ကိုရီးယားက ဖောက်သည်တွေတော့ လေလံဝင်ဆွဲခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Nothing ရဲ့ ပထမ မျိုးဆက်စမတ်ဖုန်းအကြောင်း ဒီဇိုင်းနဲ့ အချက်အလက်အတော်များများ ထွက်ပေါ်လာခဲ့ပါတယ်။ လတ်တလော ရထားတဲ့ အချက်အလက်တွေအရ Nothing Phone 1 ဟာ ကျောဘက်မှာ အကြည်သားထွင်းဖောက်မြင် Transparent Panel နဲ့ Noti တက်လာရင် လင်းလာတဲ့ ကျောဘက် LED အလင်းတန်းဖွဲ့စည်းမှုတွေနဲ့ လာဖို့ ရှိပါတယ်။
ဖုန်းဘော်ဒီကို ပြန် Recycle လုပ်ထားတဲ့ အလူမီနီယံ mid-frame နဲ့ ထုတ်ထားပြီး ကြိုးမဲ့အားသွင်းစနစ် ၊ ကျောဘက်နှစ်လုံးတွဲကင်မရာ ၊ Snapdragon SoC (Snapdragon 7 Gen 1 ဖြစ်ဖို့ရှိ) နဲ့ Android 12 အခြေခံ Nothing OS နဲ့ ထွက်လာမှာပါ။ ဖုန်းရှေ့ဒီဇိုင်းအကြောင်း ပုံတွေ မတွေ့ရသေးပေမယ့် Punch Hole စတိုင် သုံးဖို့ များပါတယ်။ Nothing Phone 1 ဟာ ကုမ္ပဏီရဲ့ တခြားထုတ်ကုန်တွေနဲ့ပါ အဆင်ပြေပြေ ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။