လာလီဂါ ၆ ပွဲမှာ ၆ ဂိုးအထိ ရရှိသွားပါပြီ။

မနေ့က လာလီဂါပွဲမှာတော့ ဘာစီလိုနာက ကာဒစ်ဇ်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြန်ပါပြီ။ ဒီရာသီမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်နေပြီး ပြိုင်ဘက်အသင်းတွေကို ဘာကာက ခြေပြတ်ဂိုးပြတ်နဲ့အနိုင်ကစားနေကာ လာလီဂါအမှတ်ပေးဇယားကိုလည်း တရက်စောကန်အပြီးမှာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဗယ်လက်ကာနိုနဲ့ ဂိုးမရှိသရေကျခဲ့တာကလွဲရင် ကျန်ပွဲတွေမှာ ဘာကာတို့ နိုင်ပွဲတွေရခဲ့ပါတယ်။ 

ဆိုဆီဒက်ကို ၁-၄၊ ဗယ်လာဒိုလစ်ကို ၄-၀၊ ဆီဗီလာကို ၀-၃ တို့နဲ့ အနိုင်ရခဲ့ပြီး ကာဒစ်ဇ်ကိုလည်း ၀-၄ နဲ့ အနိုင်ယူခဲ့တာပါ။ ဘာစီလိုနာရဲ့ ဒီလိုဂိုးပြတ်နိုင်ပွဲတွေနောက်မှာ အသင်းတိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့ ခြေစွမ်းပြနေမှုက အဓိကအကြောင်းရင်းအဖြစ်ရှိနေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့လာပြီးနောက် လီဝန်ဒေါစကီးက ဆက်တိုက်ဆိုသလိုခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။

မနေ့ကပွဲမှာလည်း ဘာကာက ၁-၀နဲ့သာ ဦးဆောင်နေချိန်မှာ သူ လူစားလဲဝင်ရောက်လာခဲ့ပြီးနောက် ၁ ဂိုးသွင်းကာ အန်ဆူဖာတီနဲ့ ဒမ်ဘီလီတို့ဂိုးတွေအတွက် ၂ ကြိမ်ဖန်တီးပြီး အသင်းကို ဂိုးပြတ်နိုင်ပွဲရစေခဲ့ပါတယ်။ ဒီရာသီမှာ လီဝန်ဒေါစကီးက လာလီဂါသွင်းဂိုး ၆ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားကာ ချန်ပီယံလိဂ်မှာလည်း ၁ပွဲကစားအပြီး ဟက်ထရစ်တကြိမ်သွင်းယူနိုင်ခဲ့ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ အသင်းသစ်အတွက် ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ ဇာဗီက သူ့ကိုအနားပေးခဲ့ပေမယ့်လည်း ကာဒစ်ဇ်ရဲ့ ခံကန်အားကြောင့် ဂိုးတွေရဖို့ ခက်ခဲနေချိန်မှာ ထည့်သွင်းခဲ့ပြီး လီဝန်ဒေါစကီးကလည်း ဂိုးတွေအများကြီးထပ်ရအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 



လီဝန်ဒေါစကီးကတော့​ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့မှာလည်း ကစားခဲ့ပြီး ဂိုးတွေအများအပြားသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မှာ ၈ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၂၅၃ ပွဲမှာ ၂၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒေါ့မွန်မှာလည်း ၁၃၁ ပွဲကစားပြီး ၇၄ ဂိုးအထိ ရရှိခဲ့ကာ ဘွန်ဒက်လီဂါရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က