ဒီဝန်ဆောင်မှုဟာ အိပ်မပျော်တဲ့ရောဂါအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကုထုံးတစ်ခုလို့ပင် ညွှန်းဆိုထားပါတယ်

လူအများစုဟာ ရှည်လျားတဲ့ ဘတ်စ်ကားခရီးစဥ်အတွင်း အိပ်ပျော်သွားခဲ့ကြဖူးမှာပါ။ ဒါပေမဲ့ ဒီလို အတွေ့အကြုံရဖို့အတွက်ပဲ အခကြေးငွေဖြင့် သီးသန့်ဝန်ဆောင်မှုပေးမယ်ဆိုရင် လူတွေ စိတ်ဝင်စားကြမလား?

ဒါကတော့ ဟောင်ကောင်မှ ဆန်းသစ်တဲ့ ခရီးသွားဘတ်စ်ကား ဝန်ဆောင်မှုလုပ်ငန်းရဲ့ နောက်ကွယ်က စိတ်ကူးဖြစ်ပြီး ဒီဝန်ဆောင်မှုဟာ အိပ်မပျော်တဲ့ရောဂါအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကုထုံးတစ်ခုလို့ပင် ညွှန်းဆိုထားပါတယ်။ နေသာတဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ နို့စို့အရွယ် ကလေးငယ်ကနေ ဆံပင်ဖြူနေတဲ့ အငြိမ်းအရွယ်အထိ ပါဝင်ကြတဲ့ ခရီးသည် ၇၀ ခန့်က နှစ်ထပ်ဘတ်စ်ကားကို စီးနင်းလိုက်ပါလာခဲ့ကြပါတယ်။



သူတို့ဟာ "ဟောင်ကောင်ကနေ ဘယ်နေရာကိုမှမသွားတဲ့ ခရီးစဥ်" မှာ လိုက်ပါကြတာလည်း ဖြစ်ပါတယ်။ ဒီဘတ်စ်ကား နှစ်စီးအနက် တစ်စီးက "ဆိတ်ငြိမ်ဘတ်စ်ကား" ခေါ် လူတွေ တရေးတမော အိပ်နိုင်ကြတဲ့ ဘတ်စ်ကားဖြစ်ပြီး နောက်တစ်စီးကတော့ ရှုခင်းကြည့်ဖို့သက်သက် ဘတ်စ်ကားလို့ ဆိုပါတယ်။

ဘတ်စ်ကားက ပုခက်လိုပဲ လွှဲရမ်း တုန်ခါနေပြီး ချော့သိပ်သလိုဖြစ်တော့ သူတို့ ဘတ်စ်ကားပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြတယ်

ဘတ်စ်ကားရဲ့ ၅၃ မိုင်နီးပါး ခရီးစဥ်ကို လူစည်ကားရာ မြို့ပြရပ်ကွက်တစ်ခုမှာ စတင်ခဲ့ပြီး ကမ်းရိုးတန်း အဝေးပြေးလမ်းမတစ်လျှောက် ဖြတ်သန်းကာ ဟောင်ကောင်လေဆိပ်သို့ မောင်းနှင်သွားတာ ဖြစ်ပါတယ်။ ခရီးသည်အချို့က ဘတ်စ်ကားစီးရင်း ရှုခင်းများကို ကြည့်ရှုခံစားကြစဥ် အများအပြားကတော့ နားကြပ်များတပ်ပြီး မျက်လုံအကာနဲ့ mask များဖုံးအုပ်ကာ မကြာမီ အိပ်ပျော်သွားခဲ့ကြပါတယ်။

ဆန်းသစ်တဲ့ ဘတ်စ်ကားခရီးစဥ်ဟာ ရှုခင်းကြည့် နေရာတွေမှာ ရပ်နားမှုအပါအဝင် ၅ နာရီကြာမြင့်ပြီး ကောင်းကောင်းအိပ်လို့ရတယ်လို့ ဆိုပါတယ်။ "လူတိုင်းက အိပ်မှာ အိပ်မပျော်နိုင်တာမျိုး ကြုံကြရဖူးတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ဘတ်စ်ကားက ပုခက်လိုပဲ လွှဲရမ်း တုန်ခါနေပြီး ချော့သိပ်သလိုဖြစ်တော့ သူတို့ ဘတ်စ်ကားပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြတယ်"ခရီးသည်ဖြစ်သူ Ho Wai က ခရီးစဥ်အတွင်း AFP သတင်းဌာနကို ပြောပါတယ်။

လူတိုင်းက အိပ်မှာ အိပ်မပျော်နိုင်တာမျိုး ကြုံကြရဖူးတယ်လို့ ထင်ပါတယ်

"ဟောင်ကောင်သားတိုင်းက အလုပ်ကြောင့်၊ တိုက်ခန်းဝယ်တဲ့ကိစ္စကြောင့်၊ ဘဝကြောင့်နဲ့ အခု ကျွန်တော်တို့ ခရီးမထွက်နိုင်တာကြောင့် စိတ်ဖိစီးမှုရှိကြတယ်" လို့ သူက ဖွင့်ဟခဲ့ပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက တင်းကျပ်တဲ့ COVID-19 စည်းမျဥ်းကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ထားပြီး ကျန်ရှိတဲ့ ကမ္ဘာ့နေရာတွေနဲ့ အသွားအလာ ဖြတ်တောက်ထားတာကြောင့် ခရီးမထွက်နိုင်တာကိုလည်း Ho Wai က ထည့်သွင်းရည်ညွှန်းခဲ့ပါတယ်။

"ဒီစိတ်ဖိစီးမှုအားလုံး တိုးလာတာနဲ့အတူ ဟောင်ကောင်သား များစွာက ကောင်းကောင်း အိပ်မပျော်ကြဘူး" လို့ သူက ဖြည့်စွက်ပြောပါတယ်။

နောက်ထပ် အတူလိုက်ပါလာတဲ့ ခရီးသည် Matthew Chick ကတော့ သူဟာ လတ်တလော သီတင်းပတ်တွေထဲမှာ အိပ်မပျော်တဲ့ပြဿနာ ရှိနေခဲ့ပြီး ဒီခရီးစဥ်ကို လိုက်ပါမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

စိတ်ဖိစီးမှုအားလုံး တိုးလာတာနဲ့အတူ ဟောင်ကောင်သား များစွာက ကောင်းကောင်း အိပ်မပျော်ကြဘူး

ဒါပေမဲ့ ရှုခင်းတွေကနေ မျက်လုံးကိုခွာဖို့ ကြိုးစားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ "ဒီနေ့ ရာသီဥတုက အိပ်လို့ကောင်းလွန်းပါတယ်" လို့ အသက် ၂၉ နှစ်အရွယ် Matthew Chick က AFP ကို ပြောပါတယ်။ ရှုခင်းကြည့်ဖို့နဲ့ တရေးတမော လိုက်အိပ်ဖို့သက်သက် ဝန်ဆောင်မှုပေးနေတဲ့ ဘတ်စ်ကားခတွေက ဟောင်ကောင်ဒေါ်လာ ၉၉ နဲ့ ၃၉၉ ကြား (အမေရိကန်ဒေါ်လာ ၁၂ နဲ့ ၅၁ ဒေါ်လာကြား) ဖြစ်ပြီး အပေါ်ထပ် ထိုင်ခုံတွေက ဈေးပိုမြင့်တယ်လို့ သိရပါတယ်။

ဆန်းသစ်တဲ့ဝန်ဆောင်မှုကို စိတ်ကူးရခဲ့တဲ့ Ulu Travel ကုမ္ပဏီဥက္ကဌနဲ့ စွန့်ဦးတီထွင်သူ Frankie Chow က ဘတ်စ်ကားခရီးစဥ်အတွက် မီးပွိုင့်အနည်းငယ်သာရှိတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ရန်ကြိုးစားခဲ့ကြောင်းနဲ့ ခရီးသည်တွေ နိုးသွားနိုင်တဲ့ ကားရပ်ရမှုအကြိမ်ရေကို တတ်နိုင်သမျှ လျှော့ချရန်လုပ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

ယခုဘတ်စ်ကားခရီးစဥ်ကို ဝန်ဆောင်မှုပေးခြင်းဟာ အိပ်မပျော်နိုင်သူတွေ တရေးတမော လိုက်အိပ်ရန်နဲ့ မြို့ကို နိုင်ငံတကာနဲ့အဆက်ဖြတ်ထားစဥ် ဟောင်ကောင်မှာပဲ ရှုခင်းကြည့်လိုသူတွေအတွက်ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုကို ဆောင်ရွက်နေခြင်းလို့ Frankie Chow က ယူဆထားပါတယ်။

(Photo: Kin Cheung / AP, Bertha Wang / AFP)


ဆက်စပ်အကြောင်းအရာများ

Share

က္က