တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံး ပိတ်သွားပါပြီ။

တစ်နှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကို မနေ့က အောက်တိုဘာလ ၆ ရက်နေ့ကစပြီး တရုတ်နိုင်ငံဘက်က ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအားလုံးနီးပါးရပ်ဆိုင်းသွားပြီး တရုတ်ဘက်ကနေ တင်သွင်းရတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းနဲ့စတဲ့ ပစ္စည်းတွေ ဈေးနူန်းမြင့်လာနိုင်ကာ မြန်မာပြည်ဘက်က လည်း စိုက်ပျိုးသိးနှံတင်ပို့မှုအနေဖြင့်လည်း ရပ်တန့်သွားပြီဖြစ်လို့ ပြည်တွင်းထွက်ကုန်သီးနှံတွေလည်း ဈေးကွက်ပျက်တဲ့အထိ ဖြစ်သွားပြီး တောင်သူတွေအထိနာနိုင်တယ်လို့ ကုန်သည်တချို့ကဆိုပါတယ်။



"တရုတ်ပြည်က စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာအဓိကတင်သွင်းတယ်။ ပိတ်လိုက်တော့ ခုနှစ်ဈေးက နှစ်ဆတက်သွားတယ်။ တောင်သူတွေ အတော်လေးအကျပ်တည်းဖြစ်သွားတယ်။

မြန်မာ ပြည်ကဆန်သွားတယ်၊ ဆန်ကွဲသွားတယ်၊ ပဲမျိုးစုံသွားတယ်၊ ဖရဲသွားတယ်၊ သကြားသွားတယ်။ ကြက်သွန်သွားတယ်။ အခုမသွားရတော့ဘူး။ ကားတွေ၊ ယာဉ်မောင်းတွေ၊ လုပ်ငန်းမှီခိုနေရတဲ့အလုပ်သမားတွေ၊ လုပ်ငန်းရှင်အကုန်လုံးဒုက္ခရောက်တယ်၊ ဆေးမျိုးစုံ၊ ဆိုင်ကယ်၊စားကုန်သောက်ကုန်တွေ ဈေးတက်သွားတယ်။ ဒီတော့ အဝင်လည်းနာ အထွက်လည်းနာ ဖြစ်သွားတယ်" လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင်အသင်းဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။

ဓာတ်ပုံ - Thet Naing

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ မူဆယ် ၁၀၅ မိုင်ပြီးရင် ဒုတိယအကြီးဆုံး ကုန်သွယ်ရေးစခန်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကနေ စိုက်ပျိုးရေး လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပဲ၊ပြောင်း၊နှမ်း၊သီးနှံ၊ကြက်သွန်နီ၊ကြံသကြား စတဲ့လယ်ယာထွက်ကုန်တွေကို အဓိက တင်ပို့နေတဲ့ဂိတ်တခုဖြစ်တယ်လို့သိရပါတယ်။

တရုတ်ပြည်ဘက်ကဆိုရင်တော့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံကုန်ပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ဆက်စပ်အပိုပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းတွေကိုတင်သွင်းနေတာဖြစ်တယ်လို့သိရပါတယ်။

" ပစ္စည်းတွေ နယ်စပ်ကနေသွင်းမရတော့ဘူးဆိုတော့ ရှိတာကိုပဲ ထိန်းရောင်းရမယ့်အခြေအနေဖြေစ်သွားပြီ။ ပြည်တွင်းက လယ်ယာသီးနှံထုတ်ကုန်ဆိုရင်လည်း ခုထဲကကြက်သွန်နီဆိုကျနေပြီ၊သီးနှံဈေးကွက်ထိုးကျနိုင်တယ်။ ဈေးကွက်ပျက်နိုင်တယ်။ အခုကာလပြည်တွင်းသုံးစွဲအားကလဲ သိပ်မရှိဘူး " လို့ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နောက်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါဆုံးဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်တွေကိုလည်း ပြီးခဲ့တဲ့ ဇူလိူင်လ ၈ ရက်နေ့ကတည်းက ပိတ်ထားကြောင်း၊ မနေ့က ချင်းရွှေဟော်ဂိတ်ကို ထပ်ပိတ်လိုက်တဲ့အတွက် တရုတ်မြန်မာကုန်သွယ်ရေး အားလုံးနီးပါးရပ်တန့်ကုန်ပြီလို့လည်း သိရပါတယ်။

" တရုတ်ဘက်ကိုလုံးဝတင်ပို့လို့မရတော့ဘူးဆိုတော့ ပြည်တွင်းစားသုံးမှုကိုပဲ ကျွန်တော်တို့မျှော်လင့်ရတော့မယ် ။ ခုကာလက သွားရေးလာရေး ၊သယ်ယူပို့ဆောင်ရေးစရိတ်ကလည်းကြီးနေတော့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး။ ပြည်တွင်းမှာလည်း အခြေအနေကသိတဲ့အတိုင်းပဲ။ အားလုံးကလည်းလုပ်ငန်းတွေရပ်ကုန်တာ၊အလုပ်မရှိကြတော့ တကယ့်မဖြစ်နေစားသောက်ကုန်ပဲ ဈေးတက်လည်းသုံးကြတာ။ကျန်တဲ့ အသီးအနှံဘာညာကတော့ ထင်သလောက်ဈေးကွက်ရှိမယ်မထင်ပါဘူး" လို့ ဖရဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။

ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်ကြောင်းသာကြေညာပြီး ပြန်ဖွင့်မယ့်အချိန်ကိုကြေညာထားခြင်းမရှိတဲ့အပေါ် စိုးရိမ်မိကြောင်း၊ ဂိတ်တွေပိတ်ထားမှုကာလကြာရှည်ပါက နှစ်ဘက်လုံးအတွက် ဆိုးကျိုး ပိုများလာမှာဖြစ်တယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က