ကြွေးမြီကိစ္စ ပူပန်ရမှုက နိုင်ငံရဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးကို မြှင့်တင်နိုင်ရန် မျှော်လင့်ချက်များနဲ့ အပြိုင်ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်

လာအိုနိုင်ငံမှာ တရုတ်က တည်ဆောက်ပေးတဲ့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန် မြန်နှုန်းမြင့် ကျည်ဆန်ရထားလမ်းကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တရားဝင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ယခုရထားလမ်းသစ်ဟာ လာအိုအတွက် ကြွေးမြီကိစ္စ စိုးရိမ်ပူပန်ရမှုက နိုင်ငံရဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးကို မြှင့်တင်နိုင်ရန် မျှော်လင့်ချက်များနဲ့ အပြိုင်ဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိပါတယ်။ ၂၅၇ မိုင် ရှည်လျားတဲ့ ရထားလမ်းသစ်ဟာ ဒေါ်လာထရီလီယံနဲ့ချီတန်တဲ့ တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative - BRI) ထဲမှာ ပါဝင်နေပြီး ၅ နှစ်ကြာ တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။



ရထားလမ်းသစ်ဟာ စီးပွားရေးမြှင့်တင်နိုင်ရန် အလားအလာကောင်းရှိပေမဲ့ အခြေခံအဆောက်အုံပိုင်း အားနည်းတဲ့ လာအိုက ကြွေးမြီ အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံ ပေးဆပ်ရမှာဖြစ်ရာ နိုင်ငံရဲ့ ပို့ဆောင်ရေးစနစ်မှာ စိန်ခေါ်မှုဖြစ်နေခဲ့ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ကတော့ BRI စီမံကိန်းဟာ ကုန်းတွင်းပိတ်နိုင်ငံအဖြစ်ကနေ ကုန်းတွင်းဆက်သွယ်သွားလာမှု အချက်အချက်နေရာအဖြစ် ပြောင်းလဲရန် လာအိုရဲ့ ဗဟာဗျူဟာကို အားကောင်းစေမယ်လို့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ပြောခဲ့ပါတယ်။

လာအိုသမ္မတ Thongloun Sisoulith က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ယနေ့ အွန်လိုင်းအစည်းအဝေးလုပ်ရန် အစီအစဥ်ရှိပြီး ၎င်းတို့နှစ်ဦးလုံးက ရထားလမ်းသစ် တရားဝင် ဖွင့်လှစ်တဲ့အခမ်းအနားမှာ မိန့်ခွန်းပြောဖွယ်ရှိပါတယ်။ ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်) မှာ ရထားလမ်းသစ် လွှဲပြောင်းမှုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်နှုန်းမြင့် ရထားလမ်းသစ် လာအိုမြို့တော် Vientiane မြို့နဲ့ တရုတ်နိုင်ငံ Kunming မြို့တို့ကို ဆက်သွယ်ထားပြီး ထိုင်းကိုဖြတ်ပြီး မလေးရှားကနေ စင်ကာပူသို့ ရောက်ရှိသွားမယ့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ လူဦးရေ ၇ သန်းရှိပြီး ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ လာအိုမှာ ယခင်က ရထားလမ်းအရှည် ၂.၅ မိုင်မျှသာ ရှိခဲ့ပါတယ်။


သို့သော် ယခုအခါမှာတော့ အနီ၊ အပြာနဲ့ အဖြူရောင်တွေ ပေါင်းစပ်ခြယ်သထားတဲ့ ကျည်ဆန်ရထားတွေက လာအိုနိုင်ငံတစ်ဝန်း ၉၉ မိုင်အထိရှိတဲ့ ရထားလမ်းတစ်လျှောက် ဥမင်လှိုဏ်ခေါင်း ၇၅ ခု၊ တံတား ၁၆၇ စင်းနဲ့ ဘူတာရုံ ၁၀ခုကို ဖြတ်သန်းပြီး မြန်နှုန်းမြင့်အရှိန်ဖြင့် ခုတ်မောင်းသွားလာတော့မှာ ဖြစ်ပါတယ်။

လာအိုမှာ ကျည်ဆန်ရထားခရီးစဥ်တွေကို ဒီဇင်ဘာ ၄ ရက်နေ့မှစပြီး ဝန်ဆောင်မှုပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။ အဆိုပါ ရထားခရီးစဥ်တွေကို COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေသာ လိုက်ပါစီးနင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Source and Photo/Infographic: AFP


ဆက်စပ်အကြောင်းအရာများ

Share

က္က