တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နေရာဒေသအချို့မှာ ပြင်းထန်တဲ့နှင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ရာမှ စံချိန်တင် နှင်းကျရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေရှိခဲ့တဲ့ ဒေသတွင်း နေအိမ်တွေမှာ အနွေးဓာတ်ရရှိနိုင်ရေး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
(Photo: Getty Images)
Liaoning ပြည်နယ်ရဲ့မြို့တော် Shenyang မြို့မှာ ပျမ်းမျှ နှင်းကျရောက်မှုဟာ ၂၀ လက်မ (၅၁ စင်တီမီတာ) ရှိခဲ့ပါတယ်။ ထိုပမာဏဟာ ၁၉၀၅ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၁၆ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင် နှင်းကျရောက်မှုဖြစ်ကြောင်း Xinhua သတင်းက ပြောပါတယ်။ အဆိုပါမြို့နဲ့ အိမ်နီးချင်း အတွင်းမွန်ဂိုလီးယားဒေသမှာတော့ ပြင်းထန်တဲ့နှင်းမုန်တိုင်းတွေကြောင့် လူတစ်ဦး သေဆုံးပြီး လီူးရေ ၅,၆၀၀ ကျော် နှင်းမုန်တိုင်းသက်ရောက်မှု ခံခဲ့ရပါတယ်။
မွန်ဂိုလီးယားရှိ Tongliao မြို့မှ မိုးလေဝသကျွမ်းကျင်သူတွေက တရုတ်အစိုးရသတင်းဌာန Global Times ကို ပြောကြားမှုအရ နှင်းမုန်တိုင်းဟာ ခန့်မှန်းရခက်တဲ့ ပုံစံမျိုးဖြစ်ခဲ့ကြောင်းနဲ့ ရုတ်တရုတ် အလွန်ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဥ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အတွင်းမွန်ဂိုလီးယားနဲ့ တရုတ်အရှေ့မြောက်ပိုင်းတစ်လျှောက် နေရာ ၂၇ ခုမှာ နှင်းမုန်တိုင်းအတွက် အမြင့်ဆုံးသတိပေးချက်အဖြစ် အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။
(Photo: Getty Images)
တနင်္ဂနွေနေ့ (နိုဝင်ဘာ ၇ ရက်) မှာ စတင်ခဲ့တဲ့ အအေးလှိုင်းကြောင့် တရုတ်အရှေ့မြောက်ပိုင်း နေရာအချို့မှာ အပူချိန်များ အနည်းဆုံး ၁၄ ဒီဂရီဆဲလ်စီးယပ် ကျဆင်းခဲ့ပါတယ်။ Liaoning မြို့မှာ စံချိန်တင် နှင်းကျရောက်ပြီး ပြင်းထန်တဲ့ရာသီဥတုကြောင့် ယာဥ်အသွားအလာများ ဆိုးဆိုးရွားရွား အခက်ကြုံခဲ့ရပြီး အဝေးပြေးလမ်းမ အများစုကို အင်္ဂါနေ့ (နိုဝင်ဘာ ၉ ရက်) အထိ ပိတ်ထားကြောင်း သိရပါတယ်။ Dalian နဲ့ Dandong မြို့တွေကလွဲပြီး ရထားဘူတာနဲ့ ဘတ်စ်ကားဂိတ်တွေကို ပိတ်ထားဆဲလို့ ဆိုပါတယ်။
ဒေသတွင်း နေအိမ်တွေမှာ အနွေးဓာတ်ရရှိနိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေပြီး ကျောက်မီးသွေးတင်သွင်းမှု တိုးမြှင့်နေကြောင်းနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြင့်ဆုံး မြှင့်တင်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ထို့အတူ ဈေးတွေနဲ့ ကုန်စုံဆိုင်တွေကိုလည်း အစားအစာများ ပိုမိုဖြည့်တင်းထားရန်နဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု မရှိစေရေး ဈေးလျှော့ရောင်းကြရန် တိုက်တွန်းခဲ့ပါတယ်။
(Photo: Getty Images)
တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ယခုနှစ် စက်တင်ဘာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု သိသိသာသာ ကြုံခဲ့ရတဲ့နေရာဖြစ်ပြီး ကျောက်မီးသွေး ကုန်ကျစရိတ်များ မြင့်တက်နေခဲ့ကြောင်း ဆိုရှယ်မီဒီယာမှာ ပြောဆိုမှုတွေရှိပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့ပါးသွားခဲ့ပေမဲ့ ဆောင်းရာသီကာလမှာ ဓာတ်အား လိုအပ်ချက်နဲ့ ဖြည့်တင်းပေးနိုင်မှု ကွာဟချက်ရှိနေနိုင်ကြောင်း State Grid Corp လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက သတိပေးထားဆဲ ဖြစ်ပါတယ်။