တရုတ်အာဏာပိုင်တွေက နိုင်ငံမြောက်ပိုင်းမှာ အဓိက ကူးစက်မှုဖြစ်ပွားနေခြင်းကို တုံ့ပြန်ဆောင်ရွက်နေပါတယ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နယ်စပ်မြို့အချို့မှာ COVID-19 စည်းမျဥ်းတွေ စတင်တင်းကျပ်နေပြီး ခရီးသွားလာမှု ပိတ်ပင်ထားကာ အများပြည်သူဆိုင်ရာ နေရာတွေမှာ လူစုရုံးမှုကို ကန့်သတ်ထားကြောင်း သိရပါတယ်။

အချို့နေရာတွေမှာတော့ တရုတ်အာဏာပိုင်တွေက စစ်ကြိုကာလ သတိနဲ့စောင့်ကြည့်မှုပုံစံမျိုး ကြေညာထားပြီး နိုင်ငံမြောက်ပိုင်းမှာ အဓိက ကူးစက်မှုဖြစ်ပွားနေခြင်းကို တုံ့ပြန်ဆောင်ရွက်နေပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က တရုတ်နိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှု ၂၃ ခု တွေ့ရှိခဲ့ရကြောင်း ယနေ့ (အောက်တိုဘာ ၂၈ ရက်) ထုတ်ပြန်ချက်အရ သိရှိရပါတယ်။



ထိုအရေအတွက်ဟာ အောက်တိုဘာ ၂၆ ရက်မှာ ကူးစက်မှုအသစ် ၅၀ ကနေ လျော့ကျသွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း စုစုပေါင်း ကူးစက်မှုအသစ် ၂၇၀ တွေ့ရှိထားပါတယ်။ တရုတ်မှာတွေ့ရတဲ့ ကူးစက်မှုအသစ် အရေအတွက်ဟာ တရုတ်ပြင်ပ နေရာတွေနဲ့ နှိုင်းယှဥ်ပါက သေးငယ်တဲ့ပမာဏဖြစ်ပေမဲ့ အာဏာပိုင်တွေက တင်းကျပ်တဲ့ စီမံဆောင်ရွက်ချက်တွေ သတ်မှတ်ပြီး ကူးစက်မှုထိန်းချုပ်ဟန့်တားရေး လုပ်ဆောင်နေခဲ့ပါတယ်။

(တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တစ်နေရာ) (Photo: Reuters)

ရုရှားနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ တရုတ်အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ် Heihe မြို့မှာ ပြည်တွင်းကူးစက်မှုတစ်ခုနဲ့ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှု ၃ ခု တွေ့ရှိခဲ့ပါတယ်။ လူဦးရေ ၁.၃ သန်း နေထိုင်ကြတဲ့ ထိုမြို့မှာ မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများနဲ့ မြို့ပြဧရိယာရှိ စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းထားစေကြောင်း သိရပါတယ်။

ထို့အတူ Heihe မြို့ရဲ့ မြို့ပြဧရိယာအတွင်းရှိ လူနဲ့ယာဥ်တွေကို ပြင်ပထွက်ခွာခွင့်ပိတ်ထားပြီး မဖြစ်မနေ မဟုတ်တဲ့ အကြောင်းပြချက်ဖြင့် လမ်းမများအသုံးပြုပြီး မြို့ပြဧရိယာထဲသို့ ဝင်ရောက်မှုကိုလည်း တားမြစ်ထားပါတယ်။ အဆိုပါမြို့မှာ တက္ကစီနဲ့ ဘတ်စ်ကား ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားတယ်လို့ ဆိုပါတယ်။

Heihe မြို့ကနေ ထွက်ခွာတဲ့ လေယာဥ်ခရီစဥ်တွေနဲ့ ရထားခရီးစဥ်အချို့ကိုလည်း ရပ်ဆိုင်းထားကြောင်း ဒေသခံမီဒီယာက အောက်တိုဘာ ၂၇ ရက်မှာ သတင်းဖော်ပြပါတယ်။ Heihe မြို့မှာတွေ့ရတဲ့ ကူးစက်မှုအစုအဝေးဟာ မည်သို့စတင်ခဲ့ကြောင်းနဲ့ အခြား ဒေသတွေမှ ကူးစက်မှုတွေနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

(တရုတ်မှာ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးစဥ်) (Photo: Reuters)

COVID-19 ကပ်ရောဂါ စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထိုးမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့အထိ စာရင်းအချက်အလက်တွေအရ နိုင်ငံလူဦးရေ ၁.၄၁ ဘီလီယံရဲ့ ၇၆ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။

တရုတ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉၆,၉၃၈ ဦးနဲ့ သေဆုံးသူ ၄,၆၃၆ ဦးရှိခဲ့ရာ အခြား ကမ္ဘာ့နိုင်ငံအများအပြားထက် များစွာလျော့နည်းပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းမှာတော့ ကူးစက်ခံရသူ ၂၄၅ သန်းကျော်၊ သေဆုံးသူ ၄.၉ သန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၂၂၂ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က