တရုတ် - မြန်မာနယ်စပ်ဂိတ်တွေပြန်လည်ဖွင့်ဖို့အတွက် ဆွေးနွေးရာမှာ တရုတ်က မြန်မာဘက်မှကုန်ကားများကို လက်မခံချင်ဖြစ်နေတာပါ။

တရုတ် - မြန်မာနယ်စပ်ဂိတ်တွေပြန်လည်ဖွင့်ဖို့ အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပေမယ့် တရုတ်ဘက်က ကုန်ကားတွေကိုသာ မြန်မာနိုင်ငံထဲ တင်သွင်းပြီး မြန်မာဘက်ကနေ ဝင်ရောက်ခွင့်မပြုဘူးလို့ တရုတ်ဘက်က ပြောဆိုတာကြောင့် ဂိတ်တွေပြန်ဖွင့်ဖို့ ညှိနိူင်းမှု မအောင်မြင်ခဲ့ဘူးလို့ နယ်စပ်ကုန်သည်လုပ်ငန် ရှင်တွေဆီကသိရပါတယ်။



တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် ပိတ်ထားတဲ့ နယ်စပ်အဝင် ၊ အထွက် ဂိတ်အားလုံးကို ပြန်လည်ဖွင့်ဖို့ အတွက် မနေ့က အောက်တိုဘာ ၁၄ရက်နေ့မှာ မြန်မာနိုင်ငံကတာဝန်ရှိ သူတွေနဲ့တရုတ်နိုင်ငံကတာဝန်ရှိ သူတွေက online အစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

" မနေ့က တာဝန်ရှိသူတွေဆွေးနေကြတာမှာ တရုတ်က သူတို့ နိုင်ငံထဲကကုန်စည် တင်တဲ့ကားကိုပဲတရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်ခွင့်ပြုမယ်၊မြန်မာဘက်ကကုန်တင်ကားကိုတော့ တရုတ်ဘက်ကို ဝင်ရောက်ခွင့်မပြုဘူးလို့တင်ပြတယ်။ဒါပေမယ့်အဲ့ဒီလိုတဖက်သတ်အစီအစဉ်ကို မြန်မာဘက်ကလက်မခံဘဲ တရုတ်ဘက်က ကားအစီး ၁၀၀၀ မြန်မာဘက်ကိုဝင်ရင် ၊ မြန်မာဘက်ကလည်း တရုတ်ဘက်ကို ကားအစီး၁၀၀၀ ဝင်ခွင့်ပြုရမယ်လို့ ပြန်တင်ပြလိုက်တယ်။ဒီတော့တရုတ်ဘက်ကလည်း ပြန်တင်ပြမယ်ဆိုပြီး အစည်းဝေးပြီးတာပေါ့။အဆင်မပြေခဲ့သေးဘူး " လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။ 

ဓာတ်ပုံ - လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ယက်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်တွေကို ဇူလိူင်လ ၈ ရက်နေ့ကတည်းကထားပြီး  ချင်းရွှေဟော်ဂိတ်ကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပိတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တရုတ်ပြည် ကျယ်ဂေါင်ဘက်မှာ မြန်မာဘက်ကိုဝင်ရောက်ခွင့်ရဖို့စောင့်နေတဲ့ ကုန်ပစ္စည်းတွေက ကားအစီးရေ ၇၀၀ နဲ့ ၈၀၀ လောက်ရှိကြောင်း ၊ ထို့အတူ မြန်မာဘက်မှာလည်း ၁၀၅ မိုင်စခန်း၊ ကျင်စန်းကျော့ဂိတ်အသီးသီးမှာလည်း တရုတ်ဘက်ကို ဝင်ရောက်ဖို့စောင့်နေတဲ့ ဆန်နဲ့ဆန်ကွဲ ၊ပဲမျိုးစုံ နဲ့တခြားပစ္စည်းမျိုးစုံတွေက တွဲကား အစီးရေ ၁၅၀၀ နဲ့ ၂၀၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေအားလုံးကနေ ကိုဗစ်နဲ့ပတ်သက်တဲ့ဆေးပစ္စည်းတွေသာ မြန်မာဘက်ကိုတင်သွင်းခွင့်ရပြီး ကျန်တဲ့ကုန်တင်ပို့မှုအားလုံးပိတ်ထားတာကြောင့် လက်ရှိ တရုတ်မြန်မာကုန်သွယ်ရေးက အားလုံးနီးပါးရပ်တန့်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံဘက်ကနေ တရုတ်ကို နယ်စပ်ဂိတ်တွေတဆင့် စိုက်ပျိုးရေး လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပဲ၊ပြောင်း၊နှမ်း၊သီးနှံ၊ကြက်သွန်နီ၊ကြံသကြား စတဲ့လယ်ယာထွက်ကုန်တွေကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။

တရုတ်ပြည်ဘက်ကနေ မြန်မာဘက်ကိုတော့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံကုန်ပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ဆက်စပ် အပိုပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းတွေကိုတင်သွင်းနေတာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က