ရှီကျင့်ဖျင်က အာဆီယံ-တရုတ် အွန်လိုင်းထိပ်သီးဆွေးနွေးပွဲမှာ မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်

တရုတ်နိုင်ငံက အရှေ့တောင်အာရှအပေါ် ဩဇာလွှမ်းမိုးခြယ်လှယ်ရန် သို့မဟုတ် ၎င်းရဲ့ အိမ်နီးချင်းနိုင်ငံငယ်တွေကို ခြိမ်းခြောက်အနိုင်ကျင့်ရန် ကြိုးပမ်းမှာမဟုတ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ပြောပါတယ်။

(တရုတ်သမ္မတရှီကျင့်ဖျင်) (Photo: AP)

သမ္မတရှီကျင့်ဖျင်ဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း (Association of Southeast Asian Nations - ASEAN) နဲ့ တရုတ်နိုင်ငံတို့ကြား အွန်လိုင်းထိပ်သီးဆွေးနွေးပွဲအတွင်း ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်အရေး လတ်တလော သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေစဥ် သမ္မတရှီကျင့်ဖျင်ရဲ့ ပြောကြားမှုထွက်ပေါ်လာခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။



ဩဇာလွှမ်းမိုးခြယ်လှယ်မှုနဲ့ အာဏာသုံးနိုင်ငံရေးကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်

ယခုထိပ်သီးဆွေးနွေးပွဲကို အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ ကျင်းပပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ၃၈ ကြိမ်နဲ့ ၃၉ ကြိမ်မြောက် ထိပ်သီးအစည်းအ‌‌ဝေးမှာလည်း မြန်မာ မပါဝင်ခဲ့ပါဘူး။

(တရုတ်-အာဆီယံ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ) (Photo: Reuters / CNA)

တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ ၎င်းရဲ့အင်အားကြီးမားလာမှုနဲ့ ဩဇာလွှမ်းမိုးခြယ်လှယ်မှုအပေါ် စိုးရိမ်ပူပန်မှုတွေကို ပြောင်းလဲပစ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှုအငြင်းပွားရာမှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ ပါဝင်နေကြပါတယ်။

အိမ်နီးချင်းတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားဖို့နဲ့ ဒေသတွင်း ထာဝရငြိမ်းချမ်း‌ရေးကို အတူတကွ ဖော်ဆောင်ဖို့ ဆန္ဒရှိပါတယ်

"ဩဇာလွှမ်းမိုးခြယ်လှယ်မှုနဲ့ အာဏာသုံးနိုင်ငံရေးကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်၊ မိမိတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားဖို့နဲ့ ဒေသတွင်း ထာဝရငြိမ်းချမ်း‌ရေးကို အတူတကွ ဖော်ဆောင်ဖို့ ဆန္ဒရှိပါတယ်၊ ဩဇာလွှမ်းမိုးခြယ်လှယ်ဖို့ကို အနည်းငယ်မျှပင် လုံးဝ ကြိုးပမ်းသွားမှာ မဟုတ်သလို နိုင်ငံငယ်တွေကို လုံးဝ ခြိမ်းခြောက်အနိုင်ကျင့်မှာ မဟုတ်ပါဘူး" လို့ ရှီကျင့်ဖျင်ကပြောကြောင်း Xinhua သတင်းက ဖော်ပြပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က