ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကားဈေးကွက်ကြီးတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံဟာ မေလတစ်လအတွင်း လျှပ်စစ်ကားအားသွင်းရုံသစ်ပေါင်း ၈၇၀၀၀ အထိ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ကားဈေးကွက် ဖွံ့ဖြိုးမှုမြန်ဆန်လာခြင်းနဲ့အတူ တရုတ်နိုင်ငံမှာ လျှပ်စစ်ယာဉ်အားသွင်းရုံ EV Charging Stations တွေလည်း တိုးချဲ့ဆောက်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေ စရိတ်စကသက်သက်သာသာနဲ့ တွင်တွင်ကျယ်ကျယ် အဆင်ပြေပြေ အားသွင်းနိုင်ဖို့အတွက် အားသွင်းရုံတွေ ဆက်တိုက်တိုးချဲ့လာနေတာလို့လည်း Gizmochina သတင်းက ဖော်ပြပါတယ်။
EVCIPA လို့ အတိုကောက် ခေါ်ကြတဲ့ တရုတ်လျှပ်စစ်ယာဉ် အားသွင်းရုံအခြေခံအဆောက်အဦ မြှင့်တင်မှုအဖွဲ့အစည်းရဲ့ ဒီတစ်ပတ်ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်ထဲမှာ ၂၀၂၂ မေလတစ်လအတွင်း နိုင်ငံအနှံ့ အများပြည်သူသုံး EV Charging Stations သစ်ပေါင်း ၈၇၀၀၀ အထိ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ယှဉ်ရင် နှစ်အလိုက် EV အားသွင်းရုံအရေအတွက် ၆၀.၅% ပိုတိုးလာတာလို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ် မေလအထိ တစ်နိုင်ငံလုံးမှာ အများပြည်သူသုံး EV အားသွင်းရုံပေါင်း ၁.၄၁၉ သန်း အထိ ရှိလာပြီး ဒီထဲမှာ DC အားသွင်းရုံပေါင်း ၆၁၃၀၀၀ ၊ AC အားသွင်းရုံပေါင်း ၈၀၆၀၀၀ နဲ့ AC-DC နှစ်မျိုးပါ အားသွင်းရုံ ၄၈၉ ရုံတို့လည်း ပါဝင်နေတယ်လို့ EVCIPA က ဆိုပါတယ်။ ပြည်နယ်အလိုက် လျှပ်စစ်ကားအားသွင်းရုံ အများဆုံးပြည်နယ်တွေအနေနဲ့ ဂွမ်ဒေါင်ပြည်နယ် (၂၈၁၀၀၀ ရုံ) ၊ ရှန်ဟိုင်း (၁၀၉၀၀၀ ရုံ) ၊ ကျန်းဆု (၁၀၇၀၀၀ ရုံ) ၊ ဇီကျန် (၁၀၂၀၀၀ ရုံ) တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။
အားသွင်းရုံအများဆုံး ရှိတဲ့ ပြည်နယ် ၁၀ ခုဟာ တစ်နိုင်ငံလုံးက အများသုံး လျှပ်စစ်ကားအားသွင်းရုံအားလုံးရဲ့ ၇၂.၃% ကို ကိုယ်စားပြုနေတာလည်း ဖြစ်ပါတယ်။ လျှပ်စစ်အားသွင်းရုံ တည်ဆောက်မှုကို Xingxing Charge ၊ Special Call ၊ State Grid စတဲ့ ထိပ်တန်းကုမ္ပဏီ ၁၅ ခုနဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့လည်း သိရပါတယ်။