နာမည်ကျော် Volvo ကားကုမ္ပဏီရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Geely Holdings ကနေ Apple ၊ Samsung တို့ကို စိန်ခေါ်မယ့် High-End ဖုန်းထုတ်တော့မယ်လို့ ဆိုပါတယ်။
တရုတ်ကားကုမ္ပဏီ Zhejiang Geely Holding ကနေ လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း ထုတ်သွားမှာ ဖြစ်ပြီး ပထမဆုံးနှစ်မှာ အလုံးရေ ၃ သန်း ရောင်းချဖို့လည်း ရည်မှန်းထားတယ်လို့ Reuters သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က Geely ရဲ့ ဥက္ကဌ အဲရစ်လီ (လီရှုဖူးလို့လည်း ခေါ်) က ပရီမီယံစမတ်ဖုန်းတွေ ထုတ်မယ့် ကုမ္ပဏီသစ် တည်ထောင်မယ့်အကြောင်းကို ကြေညာလိုက်တာပါ။
"ဉာဏ်ရည်မြင့်ယာဉ်ထိန်းချုပ်စနစ်တွေထဲမှာ သုံးတဲ့နည်းပညာတွေနဲ့ စမတ်ဖုန်းဆော့ဖ်ဝဲလ်နည်းပညာအကြား နီးကပ်တဲ့ ဆက်သွယ်ချက်တစ်ခု ရှိပါတယ်။ လာမယ့်အနာဂါတ်မှာ အထင်ကရဖြစ်လာမယ့် ခေတ်ရေစီးတစ်ခုက နယ်ပယ်စုံ ဖြတ်ကျော်ပြီး သုံးစွဲသူဂေဟစနစ်တွေကို ဖန်တီးဖို့နဲ့ သုံးစွဲသူတွေအတွက် ပိုပြီး အဆင်ပြေတဲ့ ၊ Smart ကျပြီး အဖုအထစ်မရှိ ချိတ်ဆက်နိုင်မယ့် Multi-Screen အတွေ့အကြုံတွေ အထောက်အပံ့ပေးဖို့ပါ ဖြစ်လာမယ်။" လို့ လီက ဆိုပါတယ်။
အဲရစ်လီ (Photo: SCMP)
စမတ်ဖုန်းလောကမှာ ထိပ်တန်း OEMs တချို့ပဲ ကြီးစိုးထားတဲ့ Premium စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ Hubei Xingji Shidai Technology ဆိုပြီး ကုမ္ပဏီသစ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ဒီကုမ္ပဏီဟာ ဝူဟန်မြို့လယ်ခေါင်မှာ ရုံးချုပ်တည်ဆောက်ဖို့ ဝူဟန် စီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးဇုန်နဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လည်း ရထားတယ်လို့ ဆိုပါတယ်။ အဲရစ်လီက ကုမ္ပဏီရဲ့ ရှယ်ယာ ၅၅% ပိုင်ဆိုင်တယ်လို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။
"ဝူဟန်မှာ ရုံးစိုက်ပြီး ကမ္ဘာတဝှမ်းက ဖောက်သည်တွေအတွက် စမတ်ဖုန်းတွေအပါအဝင် ပရီမီယံစမတ်ထုတ်ကုန်တွေ ဖန်တီးဖို့ ကမ္ဘာ့နည်းပညာနဲ့ အရင်းအမြစ်တွေ ပေါင်းစည်းသွားမှာပါ။ "လို့ Geely ရဲ့ သတင်းစာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo: CNBC
Geely ဟာ မိုးပျံကားတွေနဲ့ ဟယ်လီကော်ပတာအငှားယာဉ်တက်စီ ကဏ္ဍတွေဘက် ထိုးဖောက်ဖို့လည်း လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး High-End စမတ်ဖုန်းလောကထဲမှာပါ နေရာရဖို့ မျှော်လင့်ထားတာပါ။ Canalys ရဲ့ အချက်အလက်တွေအရ တရုတ်စမတ်ဖုန်းတင်ပို့မှုဟာ ဒီနှစ်ဒုတိယသုံးလပတ်အတွင်း နှစ်အလိုက် ၁၇% ကျဆင်းခဲ့ပြီး ကမ္ဘာ့ဈေးကွက်အရ တင်ပို့မှု ၁၃% ကျော် မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာရောက်ခဲ့တဲ့ Huawei လည်း ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီအဖြစ်ကနေ လျော့ကျသွားခဲ့ပြီး Xiaomi ၊ OPPO နဲ့ Vivo တို့လို ပြိုင်ဘက် တရုတ်ဖုန်းကုမ္ပဏီတွေက ဈေးကွက်ဝေစုခွဲယူလာကြပါတယ်။ လက်ရှိ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Samsung ၊ Apple နဲ့ Xiaomi တို့က ကြီးစိုးနေပါတယ်။