ကျင့်ဆန်းကျောဂိတ်ကနေ တရုတ်ဘက်ကို ဖရဲသီးစမ်းသပ်တင်ပို့တဲ့အခါ ဖရဲသီးတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီးမှ ပို့ဆောင်ရတဲ့အပြင် တရုတ်ဘက်ရောက်ရင်လည်း ကွာရန်တင်းထားရသေးတယ်လို့ ကုန်သည်တွေ ဆီကသိရပါတယ်။
ဖရဲသီးတွေကို မြန်မာဘက်အခြမ်း မှာ (၄၈)နာရီပိုးသတ်ထားရပြီး ကိုဗစ်ပိုးစစ်ကာ နယ်စပ်ဂိတ် ကိုဖြတ်ပြီး တရုတ်ဘက်ကို ကွန်တိန်နာနဲ့သယ်ဆောင်ကြောင်း၊ တရုတ်ဘက်ရောက်ချိန်တွင် ၂၄ နာရီကွာရန်တင်းထားပြီးနောက် အကောက်အခွန်ကိစ္စရှင်းလင်းကာ ပိုးထပ်စစ်ပြီး ရောဂါကင်းရှင်းကြောင်း လက်မှတ်ယူပြီးမှသာ အရောင်းအဝယ်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။
" ဂျပ်ဖာနဲ့ထည့်ထားတဲ့ဖရဲသီးတွေကို ပီနံအိတ်အစ ကြိုးနဲ့သိုင်းချည်ပြီး တစ်ထုတ်ကို (၄၀)နဲ့ (၄၅)ဖာခန့်လောက်ပြန် ထုတ်ပိုးကြတယ်။တရုတ်ဘက်ပြန်ဝင်မယ့်ကားတွေအပေါ်တင်တာပါ။ ပိုးလည်းစစ်ပါတယ်။ ပြီးမှတင်တာပါ။ နောက်တရုတ်ဘက်ရောက်ရင်လည်း Quarantine ထပ်ဝင်ရတယ်အဆင့်ဆင့်တွေလုပ်ရတယ်။နောက်ဆုံးပိုးစစ်ရသေးတယ်။ ပိုးစစ်ပြီးမှ ကရိန်းနဲ့ ရွှေ့ မယ် ၊ခေါက်တိုကားနဲ့ စရွေ့မယ်၊ အသီးကွင်းရောက် အဲဒီတော့မှ စရောင်းရမှာပါ။တရုတ်ဘက်ကိုရောက်ပြီး ၃ ရက်ကြာမှ ရောင်းရမယ်။ အဲဒီတော့မှ ဈေးလည်းသိရမယ့်အခြေအနေပါ " လို့ ကုန်သည်တစ်ဦးကပြောပြပါတယ်။
လက်ရှိ တရုတ်ဘက်ကို တင်ပို့ခွင့်ရဖို့ အတွက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် မှာ ဖရဲကားအစီးရေ ၇၀ ကျော်လောက်လောက်ရောက်ရှိနေပေမယ့် ညှိနိူင်းမှူတွေအဆင်မပြေကြောင်း၊ ဖရဲသီးတွေကိုကွန်တိန်နာနဲ့သယ်ယူရတာလည်းအဆင်မပြေဘူးလို့ သိရပါတယ်။
" ဖရဲကားနှစ်စီးဝင်သွားတယ်လို့သိရတယ်၊ပိုးမွှားသန့်စင်တယ်၊စစ်တယ်လို့တော့ကြားတယ်။ ပိုးမွှားစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ကြားတယ်၊တရုတ်ဘက်ကဝင်လာတဲ့ပစ္စည်းတွေကတော့ ဟိုဘက်မှာထဲကစစ်ဆေးထားလို့ ဒီဘက်မှာထပ်မလုပ်ရတော့ဘူး။ "လို့ မူဆယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ကျင့်စန်းကျော့ဂိတ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ကွန်တိန်နာ ၅ ခုနဲ့ နှစ်နိုင်ငံကုန်သွယ်ခွင့်ပြူခဲ့တာဖြစ်ပြီး ၊ ကုန်သယ်ခွင့် ပြူတဲ့ပစ္စည်းတွေထဲမှာ ဖရဲကားတွေမပါဝင်ဘဲ ခုမှစမ်းသပ်ပို့ဆောင်နေတာဖြစ်ပါတယ်။
တရုတ် မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ကျင့်စန်းကျော့ဂိတ်ကနေ ကွန်တိန်နာ ၅ လုံးနဲ့ကုန်သွယ်မှုမှာ တရုတ်ဘက်က လျှပ်စစ်ပစ္စည်း၊အိမ်ဆောက်ပစ္စည်း၊စားသောက်ကုန်တွေကို မြန်မာ ဘက် အဓိကတင်သွင်းနေတယ်လို့သိရပါတယ်။
ကုန်ပစ္စည်း သယ်ယူဖို့ အတွက် ကွန်တိန်နာကုမ္ပဏီဖြစ်တဲ့ ရွှေလွယ်အင် ကုမ္ပဏီကို အပ်ထားကြောင်း၊ ကုမ္ပဏီကနေ ယာဉ်မောင်းက ppe ဝတ်စုံဝတ်ဆင်ပြီး ပစ္စည်းကိုကားနဲ့မောင်းပြီးသယ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်ဂိတ်တွေထဲက ကျင့်စန်းကျော့ဂိတ်တစ်ခုထဲကိုသာ နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ကျန်တဲ့နယ်စပ်ဂိတ်တွေကို ခုချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။
Share