ဘရာဇီးလ်ကွင်းလယ်လူနဲ့ ချယ်လ်ဆီးကစားသမားဟောင်းဖြစ်တဲ့ အော်စကာဟာ ရှန်ဟိုင်း SIPG အသင်းကနေ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ တချိန်က ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူတဦးဖြစ်ခဲ့ပြီး ချယ်လ်ဆီးမှာလည်း ခြေစွမ်းပြခဲ့တဲ့ အော်စကာဟာ အသက် ၂၅ နှစ်အရွယ်မှာပဲ ရှန်ဟိုင်းအသင်းကို တပတ်လုပ်ခ ပေါင်လေးသိန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အင်တာနေစီယွန်နယ်ကနေ ချယ်လ်ဆီးကို ပေါင် ၂၅ သန်းနဲ့ အော်စကာက ရောက်ရှိလာခဲ့ပြီး စတန်းဖို့ဘရစ်ချ်မှာ နာမည်ကျော်လာခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းပြီး ယူရိုပါလိဂ်ဖလားရအောင် ကူညီပေးနိုင်ခဲ့ကာ မော်ရင်ဟိုလက်အောက်မှာ အမှတ်ပေးဖလားနဲ့ လိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ့ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG က ပေါင် ၆၇ သန်းပေးချေကာ ခေါ်ယူခဲ့ပြီး တပတ်လုပ်ခ ပေါင်လေးသိန်းအထိရရှိခဲ့တာဖြစ်ပါတယ်။
တရုတ်စူပါလိဂ်မှာ အော်စကာက ၁၄၈ ပွဲအထိ ရှန်ဟိုင်းအတွက် ကစားပေးခဲ့ပြီး ၄၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၈ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး ၂၀၁၉ မှာ တရုတ်အက်ဖ်အေစူပါဖလားကိုရအောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။ အော်စကာဟာ ရှန်ဟိုင်းမှာ ငါးနှစ်ခွဲကြာကစားခဲ့ပြီးနောက် ပေါင် ၁၁၄ သန်းအထိ ရရှိခဲ့တယ်လို့သိရပါတယ်။
အဆိုပါပမာဏဟာ ဥရောပမှာသာ သူဆက်ကစားနေမယ်ဆိုရင် ရရှိမယ့် ငွေကြေးတွေထက် ၄ ဆအထိ ပိုမိုရရှိခဲ့တာဖြစ်တယ်လို့လည်း Give Me Sport က ဖော်ပြခဲ့ပါတယ်။ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခဲ့တာလို့ အကြောင်းပြပြောဆိုဖူးတဲ့ ဘရာဇီးလ်သားအတွက်တော့ ငွေကြေးလုံလုံလောက်လောက်စုဆောင်းမိခဲ့တာလည်းဖြစ်ပါတယ်။
ဖလာမင်ဂိုမှာတော့ အဆိုပါလစာပမာဏမျိုးကို အော်စကာရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း တရုတ်ကနေ ငွေထုပ်ပိုက်ပြီး မိခင်တိုင်းပြည်ကို ပြန်သွားမယ့် အော်စကာအတွက်တော့ ငွေကြေးအရ စောဒကအများကြီးတက်စရာရှိမှာတော့မဟုတ်ပါဘူး။