ဒေသဆိုင်ရာအစိုးရက မိဘတွေကို ကလေးများ အနားယူရန်နဲ့ လေ့ကျင့်ခန်းလုပ်ရန် စီစဥ်ပေးရေး ညွှန်ကြားရမှာဖြစ်ပါတယ်

တရုတ်နိုင်ငံမှာ ကျောင်းသူကျောင်းသားတွေကို အိမ်စာနဲ့ အဓိက ဘာသာရပ်တွေအတွက် ကျူရှင်တက်ရမှုကြောင့် နှစ်ထပ်ကွမ်း ဖိအားဖြစ်စေမှု လျှော့ချရန်နဲ့ မိသားစုပညာရေး အားပေးရန်ရည်ရွယ်တဲ့ ပညာရေးဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ကြောင်း Xinha သတင်းဌာနက ယနေ့ (အောက်တိုဘာ ၂၄ ရက်) ပြောပါတယ်။

ဥပဒေသစ်အရ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေရဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူတွေဟာ မိသားစုပညာရေးအတွက် တာဝန်ရှိမှာဖြစ်ပြီး အစိုးရ၊ စာသင်ကျောင်းနဲ့ လူမှုအဖွဲ့အစည်းက မိသားစုပညာရေးအတွက် လမ်းညွှန်မှု၊ အကူအညီနဲ့ ဝန်ဆောင်မှုများ ထောက်ပံ့မှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေအတွက် နှစ်ထပ်ကွမ်းဖိအား လျှော့ချရန် ဒေသဆိုင်ရာအစိုးရတွေက မိဘတွေကို ၎င်းတို့ရဲ့ကလေးများ အနားယူရန်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် စီစဥ်ပေးရေး ညွှန်ကြားရမယ်လို့ ဥပဒေသစ်က ဖော်ပြပါတယ်။



(Photo: Reuters)

ထိုသို့ စီစဥ်ပေးခြင်းဖြင့် ကျောင်းသူကျောင်းသားတွေကို ဖိအားလျော့နည်းစေပြီး အင်တာနက် အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဥ်နိုင်မယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရက ယခုနှစ်အတွင်း လူငယ်များ အွန်လိုင်းဂိမ်းစွဲလမ်းမှုကနေ အင်တာနက်ဆယ်လီတွေကို မျက်ကန်းယုံကြည်ကိုးကွယ်မှုအထိ ကိစ္စရပ်တွေအပေါ် တုံ့ပြန်ကိုင်တွယ်ရာမှာ မိဘတွေကို ပိုမိုတာဝန်ယူမှုရှိစေတဲ့ လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက်လာခဲ့ပါတယ်။

လတ်တလော လပိုင်းအတွင်း တရုတ်ပညာရေးဝန်ကြီးဌာနက အရွယ်မရောက်သေးတဲ့ ကလေးငယ်များ ဂိမ်းကစားချိန်တွေကို ကန့်သတ်လိုက်ပြီး သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့များမှာသာ အွန်လိုင်းဂိမ်းကို တစ်နေ့လျှင် တစ်နာရီကြာ ကစားခွင့်ပြုခဲ့ပါတယ်။ ထို့အတူ ပညာရေးဝန်ကြီးဌာနက အိမ်စာပေးမှုကို လျှော့ချလိုက်ပြီး သီတင်းပတ်ကုန်ရက်တွေနဲ့ အားလပ်ရက်တွေမှာ အဓိက ဘာသာရပ်တွေအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်သင်ကြားမှုကိုလည်း တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

ကျောင်းသူကျောင်းသား ကလေးငယ်တွေမှာ ကြီးလေးတဲ့ တာဝန်တွေပိနေမှုအပေါ် တရုတ်အစိုးရက စိုးရိမ်ပူပန်ခဲ့တာကြောင့် ယခုကဲ့သို့ စီစဥ်လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်လွှတ်တော်က ငယ်ရွယ်တဲ့ ကလေးငယ်တွေ အလွန်ဆိုးရွားတဲ့ အပြုအမူ ပြုမူပါက သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်းပါက မိဘတွေကို အပြစ်ပေး အရေးယူမယ့် ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း အတည်ပြုရန် စဥ်းစားသွားမယ်လို့ တနင်္လာနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က