ကွာရန်တင်းဝင်နေရတဲ့ အမျိုးသမီးရဲ့ခွေးကို တိုက်ခိုက်တဲ့ဖြစ်ရပ်အပေါ် Weibo မှာ ဒေါသတကြီး ပြောဆိုနေကြပါတယ်

တရုတ်နိုင်ငံမှာ ပိုင်ရှင်ဖြစ်သူက COVID-19 ကွာရန်တင်းဝင်နေရစဥ် ၎င်းရဲ့အိမ်မွေးခွေး အသတ်ခံရတဲ့ဖြစ်ရပ်အပေါ် ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်ပြောဆိုနေကြပြီး အာဏာပိုင်တွေက ကျန်းမာရေးဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်ခဲ့ကြောင်း သိရပါတယ်။

Jiangxi ပြည်နယ် Shangrao မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်ရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ကွာရန်တင်းဝင်ရသူ အမျိုးသမီးရဲ့တိုက်ခန်းကို ပိုးသတ်ဆေးလာဖြန်းသူ ကျန်းမာရေးဝန်ထမ်းတွေထဲမှ တစ်ဦးက ခွေးကို သံတူးရွင်းဖြင့် ရိုက်နှက်နေတာ တွေ့ကြရပါတယ်။ အဆိုပါ ဗီဒီယိုကို ကွာရန်တင်းဝင်နေရတဲ့ အမျိုးသမီးရဲ့ လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။



(အိမ်မွေးခွေးကို ရိုက်နေသည့်မြင်ကွင်း) (Photo: screengrab from Weibo video)

ခွေးပိုင်ရှင် အမျိုးသမီးဟာ အဆိုပါ ဗီဒီယိုကို အွန်လိုင်းမှာလွှင့်တင်ခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ အိမ်မွေးတိရိစ္ဆာန်တွေ ခေါ်လာခွင့်မပြုတဲ့ ဟိုတယ်တစ်ခုမှာ ကွာရန်တင်းဝင်နေခဲ့ရစဥ် ၎င်းရဲ့ခွေး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ယခုဖြစ်ရပ်အတွက် တောင်းပန်စာထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးကို အလုပ်မှထုတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ခွေးပိုင်ရှင်နေထိုင်တဲ့ Shangrao မြို့ရဲ့ ရပ်ကွက်ကို COVID-19 ထိန်းချုပ်ဧရိယာအဖြစ် သတ်မှတ်ထားခဲ့ရာ ထိုနေရာမှာ နေထိုင်ကြသူတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေကို ကျန်းမာရေးဝန်ထမ်းတွေက ပိုးသတ်ဆေးဖြန်းစဥ် မဖြစ်မနေ ကွာရန်တင်းဝင်ရကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ တရုတ်အစိုးရရဲ့ COVID-19 လုံးဝကင်းစင်ရေး "zero-Covid" မဟာဗျူဟာအပေါ် ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။

သူမရဲ့နေအိမ်ကို ချိုးဖျက်ဝင်ရောက်ပြီး သူမရဲ့ခွေးကိုသတ်ဖို့ သူတို့ကို ဘယ်သူက လုပ်ပိုင်ခွင့်ပေးခဲ့တာလဲ

တရုတ်မှာ ကူးစက်ခံရသူ တစ်ဦးသာရှိသည့်တိုင် လူအမြောက်အမြားကို ကျန်းမာရေးစစ်ဆေးခြင်း၊ ထိတွေ့မှုခြေရာခံခြင်းနဲ့ ဒေသခံတွေကို မဖြစ်မနေ ကွာရန်တင်းဝင်ခိုင်းခြင်း အပါအဝင် ဒေသအလိုက် lockdown စီမံဆောင်ရွက်ချက်တွေကို အာဏာပိုင်တွေက အလျင်အမြန် တုံ့ပြန်လုပ်ဆောင်ကြပါတယ်။

ကွာရန်တင်းဝင်နေရတဲ့ အမျိုးသမီးရဲ့ခွေးကို တိုက်ခိုက်တဲ့ဖြစ်ရပ်အပေါ် တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Weibo အသုံးပြုသူတွေကြား ဒေါသတကြီး ဝေဖန်ပြောဆိုနေကြပါတယ်။ ခွေးပိုင်ရှင်ကိုယ်တိုင် တင်ထားခဲ့တဲ့ ဗီဒီယိုကို ပြန်ဖြုတ်ချထားခဲ့ပေမဲ့လည်း ခွေးကိုရိုက်နှက်နေတဲ့ အဆိုပါ ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ သန်းနဲ့ချီရှိခဲ့ပါတယ်။

(ခွေးပိုင်ရှင်တစ်ဦးနှင့် ၎င်းရဲ့ခွေးနှစ်ကောင်) (Photo: Getty Images)

ထိုဖြစ်ရပ်ဟာ Weibo မှာ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၄ ရက်) က လူပြောအများဆုံး အကြောင်းအရာလည်း ရပ်တည်ခဲ့ပါတယ်။ Weibo မှာ like အများဆုံးလုပ်ကြတဲ့ ပို့စ်တစ်ခုကတော့ "သူမရဲ့နေအိမ်ကို ချိုးဖျက်ဝင်ရောက်ပြီး သူမရဲ့ခွေးကိုသတ်ဖို့ သူတို့ကို ဘယ်သူက လုပ်ပိုင်ခွင့်ပေးခဲ့တာလဲ" လို့ ရေးသားထားတာ ဖြစ်ပါတယ်။

နောက်ထပ် Weibo အသုံးပြုသူတစ်ဦးကလည်း "ဒါက နိုင်ငံသားတစ်ယောက်ရဲ့ ပရိုက်ဗေစီ 'privacy' နဲ့ သူမရဲ့နေအိမ် လုံခြုံရေးကို ချိုးဖောက်မှုတစ်ခုပဲ" လို့ ပြောထားပါတယ်။ Shangrao မြို့မှ ဖြစ်ရပ်ဟာ တရုတ်မှာ ပိုင်ရှင်ဖြစ်သူ ကွာရန်တင်းဝင်နေစဥ် အိမ်မွေးတိရိစ္ဆာန် အသတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ဘူးလို့ သိရပါတယ်။

ဒါက နိုင်ငံသားတစ်ယောက်ရဲ့ ပရိုက်ဗေစီ 'privacy' နဲ့ သူမရဲ့နေအိမ် လုံခြုံရေးကို ချိုးဖောက်မှုတစ်ခုပဲ

ယခုလအစောပိုင်းကလည်း Chengdu မြို့မှာ နေထိုင်သူတစ်ဦးဟာ COVID-19 ကြောင့် ကွာရန်တင်းဝင်နေရစဥ် ၎င်းရဲ့ကြောင်တွေမှာ COVID-19 တွေ့ရှိခဲ့ပြီးနောက် သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ Heilongjiang ပြည်နယ် Harbin မြို့မှာ ပိုင်ရှင်တွေ ကွာရန်တင်းဝင်နေရစဥ် ၎င်းတို့ရဲ့ ကြောင်သုံးကောင်ကို COVID-19 မရှိပေမဲ့ သတ်ပစ်ခဲ့ကြောင်း စက်တင်ဘာလအတွင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က