ဆရာတာရာမင်းဝေရဲ့ အရှေ့မြို့ရိုးမှ မိုးရေစက်များ စာအုပ်ထဲကလို စက်ရုပ် နဲ့ လူ ယှဉ်ပြိုင်မှုတွေ လာနေပါပြီ။
တရုတ်မှာဆို လူနဲ့ စက်ရုပ်အပြေးသမားတွေ အပြေးပြိုင်ကြမယ့် ကမ္ဘာ့ပထမဆုံးမာရသွန်ပြိုင်ပွဲ ကျင်းပဖို့ လုပ်နေပါတယ်။ သမိုင်းတွင်မယ့် ဒီမာရသွန်ကို လာမယ့် ဧပြီလထဲမှာ ကျင်းပမှာ ဖြစ်ပြီး အားကစားသမားပေါင်း ၁၂၀၀၀ ပါဝင်ယှဉ်ပြိုင်မှာပါ။
ဘေဂျင်းမှာ ကျင်းပမယ့် ၂၁ ကီလိုမီတာ မာရသွန်မှာ စက်ရုပ်ကုမ္ပဏီ ၂၀ ကျော်က ထုတ်ထားတဲ့ ၀.၅ မီတာကနေ ၂ မီတာအကြား ရှိတဲ့ လူပုံတူစက်ရုပ်တွေကလည်း ဝင်ပြိုင်မယ်လို့ ဆိုပါတယ်။ ဘေဂျင်းစီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးမှုဧရိယာ E Town က ကျင်းပတဲ့ မာရသွန်ပွဲပါ။
စက်ရုပ်တွေက အဝေးထိန်းစနစ်သုံးတွေလည်း ပါသလို အလိုအလျောက်စနစ် အပြည့်အဝသုံးနိုင်တဲ့ စက်ရုပ်တွေလည်း ပါမှာပါ။ ပြေးရင်းနဲ့ ဘက်ထရီကုန်သွားရင်လည်း ဘက်ထရီလဲခွင့်ရှိမယ်လို့ ဆိုပါတယ်။ ဒီထဲမှာ နာမည်ကြီး Tiangong လူပုံတူ စက်ရုပ်လည်း ဝင်ပြိုင်မှာပါ။
Tiangong စက်ရုပ်က တရုတ်နိုင်ငံ AI စက်ရုပ်တီထွင်မှုစင်တာက ထုတ်ထားတဲ့ စက်ရုပ်ဖြစ်ပြီး တစ်နာရီ ပျမ်းမျှ ၁၀ ကီလိုမီတာ ပြေးနိုင်ပါတယ်။ မနှစ်ကပဲ Yizhuang Half မာရသွန်မှာ လူတွေနဲ့ အတူ အပြေးပြိုင်ခဲ့တဲ့ စက်ရုပ်ပါ။ ဒီနှစ်မှာ အဆင့်မြှင့်တင်မှုသစ်တွေ သုံးလာနိုင်ပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ စက်ရုပ်အများဆုံး ရှိတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့စက်ရုပ်အရေအတွက်အားလုံးရဲ့ ၅၁% က တရုတ်မှာ ရှိပါတယ်။ ၂၀၂၃ စစ်တမ်းအရ တရုတ်မှာ စက်ရုပ်ပေါင်း ၂၇၆၂၈၈ ခုအထိ ရှိတယ်လို့ နိုင်ငံတကာစက်ရုပ်ဖက်ဒရေးရှင်းက ထုတ်ပြန်ထားပါတယ်။
အခုလို မာရသွန်ပြိုင်ပွဲတွေအပြင် စက်ရုပ်တွေကို ဘောလုံးနဲ့ တခြားအားကစားပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်စေဖို့ တရုတ်နိုင်ငံက စီစဉ်နေပါတယ်။