ဖေဖော်ဝါရီအကုန်မှ ပစ္စည်းထပ်ရောက်မှာပါ

Tesla ကားထဲမှာ သီချင်းဆိုနိုင်အောင် ထုတ်လိုက်တဲ့ မြန်မာငွေ ၃ သိန်းခွဲနီးပါးတန် Mic ဟာ တရုတ်ဈေးကွက်မှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

နာမည်ကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ TeslaMic နာမည်နဲ့ ကားအတွင်း ကာရာအိုကေစနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ ကြိုးမဲ့မိုက်ခရိုဖုန်းသစ်တစ်မျိုးကို တရုတ်ဈေးကွက်မှာ ဖြန့်ချိခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က တရုတ်‌ဈေးကွက်ထဲကို ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေတဆင့် ရောင်းချခဲ့ရာမှာ ဝယ်သူကြိတ်ကြိတ်တိုးခဲ့ပြီး ရောင်းလို့ တစ်နာရီမပြည့်ခင်မှာ ပစ္စည်းပြတ်သွားခဲ့တယ်လို့ Business Insider သတင်းက ဖော်ပြခဲ့ပါတယ်။ 



Photo: newstextarea


လောလောဆယ် တရုတ်ဈေးကွက်တစ်ခုတည်းမှာပဲ ဝယ်လို့ရဦးမယ့် TeslaMic ဟာ ၁၁၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ TeslaMic ဟာ ကားရပ်နားထားချိန် ကားအတွင်းမှာ သီချင်းတွေ KTV မှာ ဆိုသလို ဆိုနိုင်မယ့် ဖျော်ဖြေရေးထုတ်ကုန်တစ်ခုပါ။ Tesla ထုတ် မိုက်ခရိုဖုန်းဟာ ကားထဲက Infotainment System နဲ့ အလိုအလျောက် ချိတ်ဆက်နိုင်မှာပါ။ 

Tesla ကားအတွင်းမှာလည်း ယာဉ်မောင်းသူနဲ့ ခရီးသည်တွေ ကားရပ်ထားချိန် ဝါသနာပါရင် သီချင်းဆိုလို့ရအောင် ကာရာအိုကေလုပ်ဆောင်ချက် ပါရှိပါတယ်။ Tesla ဟာ ၂၀၁၉ မှာ Caraoke လို့ နာမည်ပေးထားတဲ့ ကားအတွင်းဖျော်ဖြေရေးစနစ်တစ်ခု ဖြန့်ချိခဲ့ပါတယ်။ အမေရိကန်အတွက် ထုတ်ထားတဲ့ ဗားရှင်းဟာ ကားသွားနေစဉ် အသုံးပြုနိုင်ပြီး Music Videos တွေကို ရယူနိုင်ခြင်းတော့ မရှိပါဘူး။ 



TeslaMic ထုတ်ကုန်ကို အမေရိကန်ဈေးကွက်မှာတောင် ရောင်းချခြင်း မရှိသေးပါဘူး။ ကုမ္ပဏီဘက်ကလည်း အမေရိကန်ဈေးကွက်ထဲ ဘယ်အချိန် ဖြန့်ချိနိုင်မလဲဆိုတဲ့အပေါ် မှတ်ချက်ပေးခြင်း မရှိပါဘူး။ တရုတ်ဈေးကွက်မှာတော့ TeslaMic ဝယ်ချင်သူတွေဟာ ဖေဖော်ဝါရီလကုန်အထိ စောင့်ရဖို့ ရှိတယ်လို့ Tesla ရဲ့ တရုတ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

လောလောဆယ် Tesla ရဲ့ ကားအတွင်း Infotainment စနစ်ပိုင်းကို ဖက်ဒရယ်အစိုးရအရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယာဉ်အန္တရာယ်မဖြစ်ရေးအတွက် ကားသွားနေစဉ် ကားအတွင်း ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဗွီဒီယိုဂိမ်းကစားနိုင်တဲ့ Passenger Play feature ကို ပိတ်ထားဖို့ အစိုးရအာဏာပိုင်တွေက Tesla ကို ညွှန်ကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က