Fortnite ဂိမ်းရေးဆွဲတဲ့ Epic Games ဟာ တရုတ်နိုင်ငံအတွင်းက ဂိမ်းဆာဗာတွေ ပိတ်လိုက်ပြီလို့ တရားဝင်ကြေညာပါတယ်။
မကြာသေးခင်ကပဲ Epic Games ဟာ Fortnite ရဲ့ တရုတ်ဗားရှင်းဗွီဒီယိုဂိမ်းဖြစ်တဲ့ Fortress Night ကို ပိတ်မယ့်အကြောင်း ကြေညာခဲ့တာပါ။ နိုဝင်ဘာလဆန်းပိုင်းမှာ တရုတ်မှာရှိတဲ့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ယခုလအတွင်း တရုတ်ဒေသအတွင်း ဂိမ်းဗားရှင်း စမ်းသပ်မှု အဆုံးသတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Photo: Indian Express
Fortress Night ကို တရုတ်ဂိမ်းကုမ္ပဏီ Tencent နဲ့ ပူးပေါင်းပြီး ၂၀၁၈ က စတင် ဖြန့်ချိခဲ့တာပါ။ Fortnite တရုတ်ဗားရှင်းကို ရုတ်တရပ် ဖျက်သိမ်းရတဲ့အကြောင်းရင်းတော့ လောလောဆယ် မသိရသေးပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ တရုတ်အစိုးရဟာ အသက် ၁၈ နှစ်အောက် ကလေးများအတွက် တစ်ပတ် ၃ နာရီကျော်ပဲ ဂိမ်းကစားခွင့်ပေးတဲ့ ဥပဒေသစ် ထုတ်ပြန်ခဲ့ပါတယ်။
အွန်လိုင်းဂိမ်းတွေမှာ အစိုးရရဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ဂိမ်းစွဲလမ်းမှုတိုက်ဖျက်တဲ့စနစ် Anti-Addiction System မဖြစ်မနေ ထည့်ပေးဖို့လည်း ညွှန်ကြားထားပါတယ်။ ဂိမ်းကစားသူတွေလည်း နာမည်အရင်းသုံးရမှာ ဖြစ်ပြီး ဝက်ဘ်ဆိုက်ထဲ ဝင်ဖို့အတွက် အစိုးရထုတ်ပေးထားတဲ့ အထောက်အထားတွေကို ID အဖြစ် သုံးရမယ်လို့ ဆိုပါတယ်။
ဂိမ်းကုမ္ပဏီတွေဘက်ကလည်း နာမည်ရင်းနဲ့ မှတ်ပုံတင် စာရင်းမသွင်းတဲ့ Uses တွေကို ဝင်ခွင့်ပြုလို့ မရတော့ပါဘူး။ ဒီအချက်တွေကလည်း တရုတ်ဈေးကွက်ကနေ Fortnite ကို ထွက်ခွာစေတဲ့အကြောင်းရင်းတွေ ဖြစ်ဖို့ရှိပါတယ်။ သေချာတဲ့အချက်ကတော့ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး Fortnite servers တွေဟာ တရုတ်နိုင်ငံအတွင်းမှာ သုံးနိုင်မှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။