မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ အိမ်ပြိုကျမှုနဲ့ မြေပြိုမှုတွေ ပြည်နယ်တစ်ဝန်း ခရိုင် ၇၀ ကျော်မှာ ဖြစ်ပွားခဲ့ပါတယ်

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာ ဆိုးရွားတဲ့ရေကြီးမှု ဖြစ်ပေါ်ခဲ့ရာ လူဦးရေ ၁.၇၆ သန်း ရေဘေးသင့်နေကြရတယ်လို့ ပြည်တွင်းမီဒီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ရာမှ အိမ်ပြိုကျမှုနဲ့ မြေပြိုမှုတွေ ပြည်နယ်တစ်ဝန်း ခရိုင် ၇၀ ကျော်မှာ ဖြစ်ပွားခဲ့ပါတယ်။ မိုးသည်းထန်မှုကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ မိုးသည်းထန်မှုတွေကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီးနောက် သုံးလမပြည့်မီမှာပင် နောက်ထပ်ပြည်နယ်တစ်ခုမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။



(Photo: Getty Images)

အချိန်ကြာရှည် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မုန်တိုင်းတွေကြောင့် ကယ်ဆယ်ရေးလုပ်ရာမှာ နှောင့်နှေးနေရကြောင်း တရုတ်မိုးလေဝသဌာနက ပြည်တွင်းမီဒီယဦကို ပြောပါတယ်။ အာဏာပိုင်တွေက Xinhua သတင်းဌာနကို ပြောကြားမှုအရ လူဦးရေ ၁၂၀,၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်းနဲ့ ရှန်ဇီပြည်နယ်တစ်ဝန်း နေအိမ် ၁၇,၀၀၀ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။

မိုးသည်ထန်ပြီး မြေပြိုမှုတစ်ခုအတွင်း ရဲတပ်ဖွဲ့ ၄ ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းက ဖော်ပြခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ရှန်န်ဇီပြည်နယ် ရေကြီးမှုဟာ ယခုနှစ်အစောပိုင်းက ဟီနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုထက် ပိုမိုဆိုးရွားကြောင်းလည်း သိရပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရှန်ဇီပြည်နယ်ရဲ့မြို့တော် Taiyuan မြို့ရဲ့ ပျမ်းမျှ မိုးရေချိန်ဟာ ၇.၃ လက်မ (၁၈၅.၆ မီလီမီတာ) ရှိခဲ့ပြီး ၁၉၈၁ နဲ့ ၂၀၁၀ ခုနှစ်အတွင်း အောက်တိုဘာလ မိုးရေချိန်ဟာ ၁ လက်မခန့် (၂၅ မီလီမီတာ) မျှသာရှိခဲ့တာဖြစ်ပါတယ်။ Taiyuan မြို့မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အော်လံများသုံးပြီး "ကလေးတွေကို ခေါင်းပေါ်မှာတင်ထားပါ၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ရေလွတ်ရာ ကမ်းပေါ်တက်ဖို့ ဦးစားပေးပါ၊ မကြောက်ကြပါနဲ့၊ အားလုံးကို ကယ်ဆယ်သွားမှာပါ" လို့ ရေကြီးမှုအတွင်း သောင်တင်နေသူတွေကို ပြောခဲ့ပါတယ်။

ရှန်ဇီပြည်နယ်ဟာ ကျောက်မီးသွေး ထုတ်လုပ်နေတဲ့ အဓိက ပြည်နယ်ဖြစ်ပြီး မိုးရွာသွန်းမှုတွေကြောင့် အစိုးရက ကျောက်မီးသွေးတွင်းတွေမှာ လုပ်ငန်းများရပ်ဆိုင်းထားရန် အမိန့်ထုတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ဓာတ်အားပြတ်လပ်မှု ကြုံနေခဲ့ပြီး အစိုးရက ဆိပ်ကမ်းတွေနဲ့ စက်ရုံတွေမှာ လျှပ်စစ်ဓာတ်အားအသုံးပြုမှုကို ကန့်သတ်ထားခဲ့ပါတယ်။

(Photo: Getty Images)

ပြည်နယ်အစိုးရရဲ့ အဆိုအရ ပြည်နယ်အတွင်းရှိ ကျောက်မီးသွေးတွင်း ၆၀၊ ကျောက်မီးသွေးတွင်းမဟုတ်တဲ့ မိုင်းတွင်း ၃၇၂ ခုနဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒစက်ရုံ ၁၄ ခုကို လုပ်ငန်းရပ်ဆိုင်းထားခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကတည်းက အခြား ကျောက်မီးသွေးတွင်း ၂၇ ခုကိုလည်း လုပ်ငန်းရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ရှန်ဇီပြည်နယ်မှာ ရှေးဟောင်းအထိမ်းအမှတ်တွေ အများအပြားရှိနေပြီး မိုးသည်းထန်မှုကြောင့် အန္တရာယ်ရှိနေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က