ရှန်ဟိုင်းရဲဌာန Database တစ်ခုကနေ တရုတ်နိုင်ငံသားသန်း ၁၀၀၀ ရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ဖွဲ့ ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘီလျံနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထားတဲ့ Database ကို ဟက်ကာတွေက စနစ်ချိုးဖောက်မှုလုပ်ပြီး အချက်အလက်တွေ ခိုးယူသွားခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က Breach Forums လို့ခေါ်တဲ့ ဟက်ကာဖိုရမ်ပေါ်မှာ ChinaDan လို့ ဖော်ပြထားတဲ့ အင်တာနက်သုံးစွဲသူတစ်ဦးဟာ 23 terabytes (TB) ရှိတဲ့ ဒေတာတွေကို Bitcoin ၁၀ ခု (ကာလတန်ကြေး ဒေါ်လာ ၂ သိန်းဝန်းကျင်) နဲ့ ရောင်းချခဲ့ပါတယ်။
"၂၀၂၂ ခုနှစ်မှာ ရှန်ဟိုင်းအမျိုးသားရဲတပ်ဖွဲ့ SHGA ရဲ့ Database ပေါက်ကြားခဲ့ပါတယ်။ ဒီ Database ထဲမှာ ဘီလျံနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေရဲ့ သတင်းအချက်အလက် Terabytes ပေါင်းများစွာ ပါဝင်နေပါတယ်"လို့ ဖိုရမ်ပေါ်က ပို့စ်မှာ ရေးထားပါတယ်။
Database ကနေ ခိုးယူလာတဲ့ အချက်အလက်တွေထဲမှာ ပြစ်မှုမှတ်တမ်းတွေအပြင် နာမည် ၊ နေရပ်လိပ်စာ ၊ မွေးဖွားရာနေရာ ၊ မှတ်ပုံတင် IDs နဲ့ ဖုန်းနံပါတ်တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ The Wall Street Journal ရဲ့ သတင်းအရ ဟက်ကာတွေဟာ အချက်အလက်နမူနာတွေပါ ချပြခဲ့ပြီး ဒီထဲမှာ ၁၉၉၅ ခုနှစ်က ရာဇဝတ်မှုအစီရင်ခံစာတို့လည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဟက်ကာတွေအနေနဲ့ ရဲတပ်ဖွဲ့ Database ထဲ ဘယ်လို ဝင်ရောက်ခဲ့သလဲဆိုတာကို မသိရသေးပေမယ့် ဒီအဖွဲ့ဟာ Database တွေထားတဲ့ Alibaba ရဲ့ Cloud Computing ကုမ္ပဏီ Aliyun ကနေ ဝင်ရောက်ခဲ့ဖွယ်ရှိတယ်လို့ ပြောနေကြပါတယ်။ Alibaba အနေနဲ့ ဒီကိစ္စပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ပြောထားပါတယ်။ လူပေါင်းသန်း ၁၀၀၀ ရဲ့ အချက်အလက်တွေသာ တကယ်ပေါက်ကြားခဲ့မယ်ဆိုရင် ဒါဟာ တရုတ်နိုင်ငံရဲ့ သမိုင်းမှာ အကြီးဆုံး ဆိုင်ဘာလုံခြုံရေးကျိုးပေါက်မှုကြီး ဖြစ်လာမယ်လို့ ဆိုပါတယ်။