တရုတ်နိုင်ငံက Supercomputer သစ်ဟာ လူ့ဦးနှောက်လိုမျိုး အဆင့်မြင့်တဲ့ ဉာဏ်ရည်တု AI Model တစ်ခုကို အောင်အောင်မြင်မြင် တွက်ချက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စွမ်းအားအကြီးဆုံး စူပါကွန်ပျူတာတစ်လုံးဖြစ်တဲ့ တရုတ်နိုင်ငံက မျိုးဆက်သစ် Sunway Supercomputer သစ်နဲ့ တွက်ချက်ခဲ့တာပါ။ ဒီ Supercomputer ဟာ မကြာသေးခင်ကပဲ ကမ္ဘာ့စွမ်းအားအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အမေရိကန်စွမ်းအင်ဌာနက တည်ဆောက်ထားတဲ့ Frontier ထက် ပိုပြီး စွမ်းဆောင်ရည်မြင့်တယ်လို့ ဆိုပါတယ်။ ကွန်ပျူတာသစ်ရဲ့ ရလဒ်ကိုလည်း ဧပြီလထဲမှာ ကျင်းပသွားတဲ့ အမေရိကန်အခြေစိုက် တွက်ချက်မှုဆိုင်ရာယန္တရားအဖွဲ့အစည်း ACM ရဲ့ Principles and Practice of Parallel Programming 2022 နိုင်ငံတကာကွန်ဖရင့်မှာ တင်ပြခဲ့ပါတယ်။
တရုတ်သိပ္ပံပညာရှင်တွေဟာ Sunway စူပါကွန်ပျူတာသုံးပြီး bagualu လို့ ခေါ်တဲ့ AI Model ကို လေ့ကျင့် Train ခဲ့တယ်လို့ဆိုပါတယ်။ bagualu ဆိုတာ အဂ္ဂိရတ်ဖိုလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးပါ။ baualu AI Model မှာ တွက်ချက်မှုလုပ်နိုင်တဲ့ Parameter ပေါင်း ၁၇၄ ထရီလီယံ (၁ ထရီလီယံ= ဘီလျံ ၁၀၀၀) ပါရှိပြီး လူ့ဦးနှောက်ထဲက အာရုံကြောဆုံအရေအတွက်နဲ့ နှိုင်းယှဉ်နိုင်တဲ့ပမာဏ ဖြစ်ပါတယ်။
လူ့ဦးနှောက်နဲ့ တန်းညှိနိုင်တဲ့ Brain-Scale AI Model ကို စူပါကွန်ပျူတာတစ်လုံးနဲ့ ပထမဆုံးအကြိမ် Train နိုင်ခဲ့တာပါ။ လက်ရှိအမြန်ဆုံး Supercomputer တွေရဲ့ Speed ကို ၁ စက္ကန့် Floating Point အော်ပရေးရှင်းကို petaflop (peta= ၁ နောက် သုည ၁၅ လုံး)နဲ့ တွက်ချက်ပါတယ်။ နောက်ဆုံးပေါ် Sunway Supercomputer သစ်ဟာ တစ်စက္ကန့်ကို တွက်ချက်မှု 5.3 exaflops (exaflop= 1000 petaflop) အထိ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ CPU Cores ၃၇ သန်းကျော် သုံးထားပြီး ကမ္ဘာ့အမြန်ဆုံးလို့ ကြေညာခဲ့တဲ့ Frontier ထက် ၄ ဆ ပိုများတယ်လို့ သုတေသီတွေက ပြောပါတယ်။
Sunway Supercomputer မှာ DVD ရုပ်ထွက်ရှိတဲ့ ရုပ်ရှင်ပေါင်း ၂ သန်းကျော် နဲ့ ညီမျှတဲ့ 9 petabytes Memory ပါရှိပြီး စွမ်းအားကောင်းတဲ့ လူ့ဦးနှောက်လိုမျိုး Semi-Independent (တစ်ပိုင်းတစ်စ အမှီအခိုကင်းလွတ်တဲ့) nodes လို့ခေါ်တဲ့ ကွန်ပျူတာစနစ်ပေါင်း ၉၆၀၀၀ လည်း ပါရှိတယ်လို့ ဆိုပါတယ်။ nodes တွေအချင်းချင်း ဆက်သွယ်မှုဟာ တစ်စက္ကန့်ကို 23 petabytes ကျော် အံ့ခမန်း မြန်နှုန်းရှိနေတာပါ။ သုတေသီတစ်ယောက်ကဆို ဒီကွန်ပျူတာရဲ့ အပြိုင်တွက်ချက်မှုဟာ လူတစ်ယောက် TV ကြည့်ရင်း အစားစားသလိုမျိုး အခြေအနေနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ဥပမာပေးထားပါတယ်။
အရင်က တစ်ခါမှ မြင်ဖူးတဲ့ အတိုင်းအတာနဲ့ Hybrid Parallel နည်းဗျူဟာတွေ ၊ Hardware နဲ့ တွဲသုံးဖို့ အထူးထုတ်ထားတဲ့ Intra-Node Optimization လို နည်းပညာတွေ ပေါင်းစည်းမှုကနေ မကြုံဖူးသေးတဲ့ ဦးနှောက်အဆင့် Brain-Scale AI Model ကနေ "ထူးကဲတဲ့ စွမ်းဆောင်မှုတစ်ခု" ကို ထုတ်ယူနိုင်ခဲ့တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အရင်မျိုးဆက် Sunway TaihuLight နဲ့ တူတဲ့အချက်က မျိုးဆက်သစ် Supercomputer မှာလည်း စွမ်းအင်ချွေတာပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်မှုလုပ်နိုင်မယ့် Communication Bandwidth လိုမျိုး သီးသန့် features တွေ အတွက် ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ Chips တွေ သုံးထားတယ်လို့လည်း အများသိအောင် ထုတ်ပြန်တဲ့ သတင်းအချက်အလက်ထဲမှာ ဖော်ပြထားပါတယ်။
TaihuLight ကို ကျန်ဆုပြည်နယ်အရှေ့ပိုင်း ဝူရှီမြို့ National Research Centre Of Parallel Computer Engineering And Technology ဌာနကနေ တီထွင်ထားတာ ဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး Top500 List of Supercomputers စာရင်းမှာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အမြန်ဆုံး Supercomputer ၅၀၀ စာရင်းမှာ တရုတ်နိုင်ငံက စူပါကွန်ပျူတာ ၁၆၇ လုံးအထိ ပါဝင်ခဲ့ပြီး အမေရိကန်က ၁၆၅ လုံး ပါဝင်ခဲ့တယ်လို့ TOP500 List က ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်ကတည်းက exaflop နှုန်းနဲ့ တွက်ချက်နိုင်တဲ့ Supercomputer ၃ လုံး ပိုင်ဆိုင်ထားတာကြောင့် အခုချိန်မှာ Sunway Supercomputer သစ်လိုမျိုး Level တူ စွမ်းဆောင်ရည်ရှိတဲ့ Supercomputer တစ်လုံးမက ရှိနေပြီလို့ ယူဆရပါတယ်။ Supercomputer တွေကို မောင်းသူမဲ့ယာဉ်နည်းပညာ ၊ မျက်နှာပြင်ဖတ်ရှုမှုစနစ် ၊ ဓါတုဗေဒပညာရပ် ၊ လူနဲ့ကွန်ပျူတာအကြား အပြန်အလှန်ချိတ်ဆက်မှု နဲ့ ဇီဝဗေဒဆိုင်ရာ လေ့လာမှုတွေမှာ အသုံးပြုနိုင်ပါတယ်။