စဥ့်အိုးတန်းလမ်းထိပ်မှာ ရောင်းချတာ နှစ် (၃၀) ကျော်ပါပြီ။

လမ်းမတော်မြို့နယ် တရုတ်တန်းက အစားအသောက်ဈေးတန်း အကြောင်းပြောရင်တော့ စဥ့်အိုးတန်းလမ်းထိပ်က ပဲပေါင်းဆိုင်လေးက မပါမဖြစ်ပါ။ ဒီပဲပေါင်းဆိုင်လေးက လမ်းမတော်မြို့နယ်တစ်ခုတည်းမှာသာရနိုင်ပြီး အစားအသောက်ချစ်သူတွေရဲ့ အွန်လိုင်းပေါ်မှာ ဝေမျှမှုကြောင့် အခုရက်ပိုင်းမှာ လူသိများနေတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။



ပဲနို့ရည်၊ပဲပေါင်းဆိုင်လေးဖြစ်လာတာက

ပဲနို့ရည်၊ ပဲပေါင်းဆိုင်လေးက လမ်းမတော်မြို့နယ်၊ စဥ့်အိုးတန်းလမ်းထိပ်မှာ လမ်းဘေးဆိုင်လေးအဖြစ်နဲ့ ဖွင့်လှစ်ထားတာ အခုဆိုရင် နှစ်(၃၀) လောက်ကြာခဲ့ပါပြီ။

“ ကျွန်မတို့ ဒါလေးကို စလုပ်ဖြစ်တာ အခုဆိုရင် နှစ်(၃၀)လောက်ကြာပါပြီ။ လုပ်ဖြစ်သွားတာကလည်း အဖေ့ စီးပွားရေး အဆင်မပြေဖြစ်တော့မှသာ အဖေ တတ်ထားတဲ့ ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု စခဲ့တာပေါ့။ နှစ်(၃၀)လောက် ရင်းခဲ့ပြီး အခုမှ လူသိပြီး အောင်မြင်လာတာပေါ့နော်။ ပဲပေါင်း၊ ပဲနို့ရည် သောက်ရတဲ့ အကျိုးကျေးဇူးက အများကြီးရှိတယ်။ သူက တရုတ်အစားအစာတစ်မျိုးဆိုပေမယ့် ကျန်းမာရေးအစားအစာလို့ ပြောရမှာပေါ့” လို့ မမီးမီးက ဆိုပါတယ်။

ပဲနို့ရည်၊ ပဲပေါင်း ပြုလုပ်ပုံနဲ့ ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး

ပဲပေါင်း၊ ပဲနို့ရည်ဟာ တရုတ်လူမျိုးတွေအတွက် ဆေးကောင်းတစ်လက်လို အမြဲမှီဝဲသင့်တဲ့ စားစရာ လို့ သိရပါတယ်။ သူဟာ လူကြီး ၊ လူငယ် နဲ့ ကလေး တွေအတွက်ပါ ကျန်းမာရေးအထောက်အကူပြုတဲ့ စားစရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ဆိုင်ရှင်မမီးမီးက ပြောခဲ့ပါသေးတယ်။

 “ ပြုလုပ်ပုံကလည်း ပဲကိုအရင်ရေစိမ်ပြီးမှ ကြိတ်ရတယ်။ ပြီးရင်ကျိုတယ်။ ကျိုပြီးတော့ ဟိုဘက်ဒီဘက် ဆွဲညှစ်ပြီးမှ ရလာတဲ့ အရည်ကို ကျွန်မတို့က ပြန်ပေါင်းထားတာပါ။ ပဲကို လတ်လတ်ဆတ်ဆတ်ပဲ လုပ်ရတာ ဒီနေ့လုပ်၊ ဒီနေ့ရောင်းမှ ရတာ ၊ ကယ်မီကယ် ထည့်လို့လဲမရဘူး တကယ်လို့ ထည့်ရင်တောင် (၅) ရက်ထပ် ပိုထားလို့မရဘူး။ လုံးဝ သဘာဝအော်ဂဲနစ်ပဲ။ သူက သကြားထဲကို ဂျင်းထည့်ပြုတ်ထားတယ်၊ ပဲက အစိမ့် ၊ အရသာကတော့ သိပ်မရှိဘူး။” လို့ ဆိုပါတယ်။

“ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ဝမ်းအေးတယ်၊ အပူကျတယ်၊ အာခေါင်မှာ အာသီးနာတာ၊ လည်ချောင်းယားလို့ ချောင်းဆိုးတာ၊ လျှာမှာ အဖုပေါက်တာ ပျောက်တယ်။ ပဲနို့ရည်ကျတော့ သွေးထဲက အဆီဓာတ်တွေကို ချေဖျက်ပေးတယ်၊ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လည်း သောက်လို့ရတယ်။ အားကစားသမားတွေ စားပေးရင် အမောခံနိုင်တယ်၊ နှလုံးအားအရမ်းကောင်းတယ်။ အီကြာကွေးနဲ့တို့စားကြည့် အီကြာကွေးထဲက အဆီတွေပျောက်သွားတယ်။ ကျန်းမာရေးအတွက် အရမ်းကိုအထောက်အကူပြုတဲ့ စားစရာတစ်ခုပါ” လို့ ဆိုပါတယ်။


ဆိုင်ခွဲဖွင့်ဖို့တောင် စိတ်မကူးနိုင်တော့တဲ့ မမီးမီးရဲ့ ရင်ဖွင့်သံ

ပဲနို့ရည်၊ပဲပေါင်းက မြန်မာလူမျိုးတွေရဲ့ ပါးစပ်နဲ့ အစပ်အဟပ်သိပ်မတည့်တဲ့အတွက် လူတိုင်းတော့ သိပ်မကြိုက်ကြပါဘူး။ တရုတ်အစားအစာတစ်မျိုးဖြစ်တာကြောင့် တရုတ်တန်းလို နေရာကလွဲလို့ တခြားမြို့နယ်တွေမှာ ရောင်းရင် စားသုံးသူအရမ်းနည်းတယ်လို့ သူက ဆိုပါတယ်။

“ ဒီအစားအစာက တရုတ်အစားအစာဖြစ်လို့ တရုတ်တန်းမှာပဲ ရောင်းလို့ရမှာပါ။ ဒီ့ပြင် နေရာမှာ သွားရောင်းဖို့ကျတော့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ သူက တော်ရုံစားတဲ့လူနည်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူတွေမှ စားတာ၊ စားဖူးတဲ့လူလောက်ပဲစားတာ မစားဖူးတဲ့သူတွေကျတော့ တော်ရုံတန်ရုံ မစားကြဘူး။ ဘယ်သူပဲပြောပြော မကြိုက်တာများတယ်။ ကျွန်မဆီက အော်ဒါမှာပြီး ပြန်ရောင်းတဲ့သူတွေ ရှိတယ် ဒါပေမယ့် သိပ်မရောင်းရဘူး၊ စားသုံးသူနည်းတာပေါ့။ ဒါကြောင့် စားချင်ရင် တရုတ်တန်းမှာပဲ လာစားမှ အဆင်ပြေမယ်။ ရည်မှန်းချက် မထားရဲသေးပါဘူး။ ဒါက အမြတ်လည်းနည်းတယ်။ အခုဆို ကျွန်မတို့ ဆိုင်လေးကို အင်တာဗျူးတွေလာတယ်၊ ကြော်ငြာတွေလာကြတယ် ဒါက အဲဒီလို ဖြစ်နေတုန်း ခဏပဲ လာစားကြမှာ ရေရှည်စားသုံးဖို့အတွက်ကြတော့ မဖြစ်ကြဘူး။ ဒါကို မကြိုက်ကြတဲ့သူက ပိုများတာပါ။” လို့ ပြောခဲ့တာပါ။

ဆိုင်ရဲ့တစ်နေ့ရောင်းအားနဲ့ ဈေးနှုန်း

အာဟာရ ပဲနို့ရည်၊ ပဲပေါင်းကို တရုတ်နှစ်သစ်ကူးပွဲတော်ရက်တွေမှာ ရောင်းချရင်း ဒီဆိုင်လေးကို လူတွေ ပိုသိလာတာဖြစ်ပါတယ်။ တစ်နေ့ရောင်းအားက ပဲပေါင်း(၂) စည် ရောင်းရပေမယ့် မိုးတွင်းကာလမှာ (၁) စည်ပဲ ရောင်းတော့တယ်လို့ မမီးမီးက ဆက်လက် ပြောပြခဲ့ပါတယ်။

“ ကိုဗစ်ကာလ နောက်ပိုင်းမှာ လူသိပိုများလာတယ်။ တရုတ်ပွဲတော်တွေဆိုရင် ကြိုးစားပြီး ရောင်းရတယ်။ ဒါကြောင့်လဲ လူသိများတာ၊ အဲဒီကနေတဆင့် အခုဆိုရင် စားသုံးသူလည်း ပိုများလာတယ်။ ရောင်းတာကတော့ ပုံမှန်ဆို တစ်နေ့ကို ပဲပေါင်း (၂) စည်ရောင်းရတယ်။ အခု မိုးတွင်းကျတော့ (၁)စည်ပဲ ရောင်းတော့တယ်။ ဈေးနှုန်းကျတော့ ပဲနို့ရည်ပဲပေါင်းက တစ်ပွဲ (၇၀၀) ၊ ပဲမုန့်တွေကတော့ တစ်ခုကို (၂၅၀)ကျပ်ပါ။ တချို့က ပဲနို့ရည် မကြိုက်တဲ့သူကျတော့ ပဲမုန့်ကို စားပြီး ပဲနို့ရည်သောက်တဲ့အချိန်မှာ အရသာက စိမ့်ထွက်လာတယ်။ ဒါကြောင့် တွဲရောင်းဖြစ်ပါတယ်။ ပဲမုန့်ကလည်း ပဲဆီသန့်နဲ့ပဲ လုပ်ထားတာပါ” လို့ သူကဆိုပါတယ်။

ဆိုင်လိပ်စာလေးကတော့ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းထိပ်(မဟာဗန္ဓုလ လမ်းဘက်ခြမ်း)၊ ပတ်ကားရွှေဆိုင်ဘေး မှာ ဖွင့်လှစ်ထားပြီး ညနေ (၃) နာရီခွဲက စလို့ ည(၉) နာရီအချိန်ထိ သွားရောက်အားပေးလို့ ရပါတယ်။

အော်ဒါမှာယူလိုသူတွေအနေနဲ့ အာဟာရ ပဲနို့ရည်၊ ပဲပေါင်းကို ပွဲ (၃၀) ၊ ပွဲ(၅၀) နဲ့ စည်(၁)စည် ကစမှာယူနိုင်ပြီး ဖုန်းနံပါတ် ၀၉-၂၅၄၁၃၁၈၁၅ ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က