Xiaomi နဲ့ Realme တို့ ပိုပြီး အထိနာဖို့ ရှိပါတယ်

အိန္ဒိယအစိုးရဟာ ရူပီး ၁၂၀၀၀ (မြန်မာငွေ ၃ သိန်းဝန်းကျင်) အောက်တန်း ဖုန်းတွေနဲ့ ပြည်တွင်းဈေးကွက်ထဲ ထိုးဖောက်လာတဲ့ တရုတ်ဖုန်းအမှတ်တံဆိပ်တွေကို ကန့်သတ်တားမြစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

တန်ဖိုးနည်း Budget ဖုန်းတွေကို ‌‌ဈေးကွက်ဝင်ဖို့ ပိတ်ပင်မယ့်အစီအစဉ်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီးရဲ့ တန်ဖိုးနည်းဖုန်းလောကထဲကနေ တရုတ်ဖုန်းကုမ္ပဏီကြီးတွေကို ဖယ်ထုတ်ဖို့ လုပ်လိုက်တာလို့ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ တကယ်လို့ အိန္ဒိယအစိုးရအနေနဲ့ ရူပီး ၁၂၀၀၀ အောက်တန် တန်ဖိုးနည်း တရုတ်ဖုန်းတွေကို ဈေးကွက်က ဖယ်ရှားသွားမယ်ဆိုရင်တော့ Xiaomi ၊ Realme ၊ Transsion Holdings ပိုင် Brands တွေ အထိနာနိုင်ပါတယ်။ 




ဇွန်လ သုံးလပတ်အထိ အိန္ဒိယနိုင်ငံအတွင်း ရောင်းချရသမျှ စမတ်ဖုန်းရောင်းအားရဲ့ သုံးပုံတစ်ပုံခန့်ဟာ ဒေါ်လာ ၁၅၀ အောက်တန် ဖုန်းတွေ ဖြစ်ပြီး တရုတ်ဖုန်းကုမ္ပဏီတွေက ဒီတင်ပို့မှုရဲ့ ၈၀% ကို လွှမ်းခြုံထားတယ်လို့ Counterpoint အချက်အလက်တွေက ဖော်ပြပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Xiaomi နဲ့အတူ တရုတ် BBK ကုမ္ပဏီပိုင် Brand တစ်ခုဖြစ်တဲ့ Realme နဲ့ ရှန်းကျင့်အခြေစိုက် Transsion ပိုင် Infinix ၊ Tecno စတဲ့ ဖုန်းတွေဟာ အိန္ဒိယဈေးကွက်မှာ တန်ဖိုးနည်း ဖုန်းတွေ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ 

Samsung နဲ့ Apple ကတော့ တရုတ်အမှတ်တံဆိပ်တွေ မဟုတ်တဲ့အတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ Xiaomi နဲ့ Realme တို့လို အိန္ဒိယ Brand တွေကို ပစ်မှတ်ထားရတဲ့ အကြောင်းက ဒီအမှတ်တံဆိပ်တွေဟာ အိန္ဒိယဈေးကွက်အတွင်းမှာ ပြည်တွင်း အိန္ဒိယအမှတ်တံဆိပ်တွေကို ကျော်နိုင်ဖို့ ဈေးလျှော့ရောင်းနေတယ်လို့ အစိုးရပိုင်းက ယူဆထားတာကြောင့်ပါ။ တစ်ဖက်မှာလည်း အိန္ဒိယနဲ့ တရုတ်တို့ဟာ ၂၀၂၀ နယ်စပ်ပဋိပက္ခအရေးကစပြီး တင်းမာမှုတွေ ဖြစ်ထားပါတယ်။ 

အရင်က အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ ထက်ဝက်နီးပါးကို Lava နဲ့ Micromax တို့လို အိန္ဒိယဖုန်းကုမ္ပဏီတွေက ပိုင်ဆိုင်ထားတာပါ။ နောက်ပိုင်းမှာ Xiaomi ဟာ အိန္ဒိယစမတ်ဖုန်းဈေးကွက်ထဲ တန်ဖိုးနည်းဖုန်းတွေနဲ့ ဝင်ရောက်အခြေချလာပြီး ဈေးကွက်ထိပ်တန်းအမှတ်တံဆိပ် ဖြစ်လာခဲ့တာပါ။ အိန္ဒိယအာဏာပိုင်တွေရဲ့ တန်ဖိုးနည်းတရုတ်ဖုန်း ကန့်သတ်ရေး အစီအစဉ်သတင်းတွေကြောင့် တနင်္လာနေ့က ဟောင်ကောင်စတော့အိတ်ချိန်မှာ နောက်ဆုံးမိနစ် အရောင်းအဝယ်မှာ Xiaomi ရှယ်ယာတန်ဖိုး ၃.၆% ကျဆင်းသွားခဲ့ပါတယ်။ 


အိန္ဒိယအနေနဲ့ ဒေါ်လာ ၁၅၀ အောက်တန် တရုတ်ဖြစ် မိုဘိုင်းဖုန်းတွေ ပိတ်သွားမယ်ဆိုရင် Xiaomi စမတ်ဖုန်းတင်ပို့မှုဟာ တစ်နှစ်ကို ဖုန်းတင်ပို့မှု ၁၁% ကနေ ၁၄% (ဖုန်းအရေအတွက် သန်း ၂၀ ကနေ ၂၅ သန်း) ကျဆင်းလာနိုင်တယ်လို့ Bloomberg က ခန့်မှန်းပါတယ်။ ဒါဟာ Xiaomi ရဲ့ အရေးပါဆုံး ပြည်ပဈေးကွက်ဖြစ်တဲ့ အိန္ဒိယဖုန်းဈေးကွက်ရဲ့ ၂၅% ခန့် ရှိပြီး ဒေါ်လာ ၁၅၀ အောက်တန်း Xiaomi စမတ်ဖုန်းတွေရဲ့ ၆၆% ရှိတယ်လို့လည်း IDC က ပြောပါတယ်။ 

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အိန္ဒိယအစိုးရဟာ Xiaomi ၊ OPPO နဲ့ Vivo တို့ကို ငွေကြေးခဝါချမှုတွေ ၊ အခွန်ကိစ္စတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ကုမ္ပဏီပိုင် ငွေကြေးပစ္စည်းတွေ သိမ်းဆည်းမှုပါ လုပ်ဆောင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က