ကာကွယ်ဆေးတွေကို ကပ်ရောဂါ ပြင်းထန်စွာ ကြုံတွေ့နေရတဲ့ နိုင်ငံများသို့ ပေးပို့သင့်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်

မြောက်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံ Sinovac Boitech ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး ၃ သန်းနီးပါးကို လက်ခံရယူရန် ငြင်းပယ်လိုက်ပြီး ထိုကာကွယ်ဆေးတွေကို ကပ်ရောဂါ ပြင်းထန်စွာ ကြုံတွေ့နေရတဲ့ နိုင်ငံများသို့ ပေးပို့သင့်ကြောင်း ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ယမန်နေ့ (စက်တင်ဘာ ၁ ရက်) မှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အများပြည်သူဆိုင်ရာဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထောက်ပံ့ပေးနိုင်မှု အကန့်အသတ်ရှိနေခြင်းနဲ့ ဗိုင်ရပ်စ်က အခြားနေရာတွေမှာ ဆက်လက် မြင့်တက်နေတယ်လို့ ထောက်ပြခဲ့ကြောင်း ဝင်ငွေနိမ့်ပါး နိုင်ငံတွေအတွက် COVAX ကာကွယ်ဆေးအစီအစဥ်ကို စီမံခန့်ခွဲနေတဲ့ UNICEF က ဆိုပါတယ်။



မြောက်ကိုရီးယားဟာ လက်ရှိအချိန်အထိ နိုင်ငံအတွင်း COVID-19 ကူးစက်မှုတွေ့ရကြောင်း ထုတ်ပြန်ခြင်းမရှိသေးဘဲ နယ်စပ်ပိတ်ပင်ခြင်းနဲ့ ပြည်တွင်းခရီးသွားလာမှု ထိန်းချုပ်ကန့်သတ်ခြင်း အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး တင်းကျပ်တဲ့ အစီအမံတွေ လုပ်ဆောင်ခဲ့ပါတယ်။ UNICEF ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြောက်ကိုရီးယားရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက COVAX အစီအစဥ်နဲ့ ဆက်လက် ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် လများအတွင်း ကာကွယ်ဆေးများ လက်ခံသွားရန်ရှိတယ်လို့ Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း COVAX ကာကွယ်ဆေးအစီအစဥ်အရ မြောက်ကိုရီးယားကို AstraZeneca ကာကွယ်ဆေး ၂ သန်းနီးပါး ပေးအပ်ရာမှာ ဘေးထွက်ဆိုးကျိုးအပေါ် စိုးရိမ်မှုကြောင့် လက်မခံခဲ့ဘူးလို့‌ တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တောင်ကိုရီးယား အကြံပေးအဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။

Institute for National Security Strategy ရဲ့ အဆိုအရ မြောက်ကိုရီးယားက တရုတ်ကာကွယ်ဆေးတွေကို ထိရောက်မှု မရှိနိုင်ခြင်းအပေါ် စိုးရိမ်မှုကြောင့် အသုံးမပြုလိုဘဲ ရုရှားထုတ် ကာကွယ်ဆေးကို အသုံးပြုရန် စိတ်ဝင်စားမှုရှိကြောင်း သိရပါတယ်။ ထိုင်းနဲ့ ဥရုဂွေးကဲ့သို့ နိုင်ငံတွေမှာတော့ ပထမအကြိမ်အဖြစ် Sinovac ကာကွယ်ဆေးထိုးပြီးသူတွေကို ကာကွယ်မှုမြှင့်တင်ရန် အခြား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ 

Share

Loading Next Article...
က္က