လီဗာပူးလ်နဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုက်ဒါဘီကတော့ အဲဗာတန်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရပါတယ်။ အန်ဖီးလ်မှာ အမှတ်ရယူနိုင်ဖို့ကို ပြင်ဆင်လာတဲ့ အဲဗာတန်ကြောင့် လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ဂိုးသွင်းယူနေကျသွင်းဂိုးတွေပါ ရှားပါးခဲ့တာပါ။ အဲဗာတန်ကလည်း ဒါဘီပွဲမှာ တော်တော်လေးကောင်းအောင် ကစားနိုင်ခဲ့တာပါ။
ဒါပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ အက်ရှ်လေယန်း နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံရပြီးနောက် ပွဲက အလှည့်အပြောင်းဖြစ်ဖို့ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်က ခံစစ်ကို ပိုအားပြုပြီး ဟာကွက်မရှိအောင် ကစားနေခဲ့လို့ လီဗာပူးလ်ထိုးဖောက်ရခက်နေပါတယ်။ တယောက်အသာရနေပေမယ့် သူတို့ ဂိုးမသွင်းနိုင်ဖြစ်နေပြီး အနိုင်ရပါ့မလားတောင် ထင်မှတ်ရတဲ့အထိပါပဲ။
ကံကောင်းတာကတော့ ၇၃ မိနစ်မှာ ဒီယက်ဇ်ရဲ့ ဖြတ်တင်ဘောကို မိုက်ကယ်ကိန်းတားဆီးရာမှာ လက်နဲ့ထိခဲ့လို့ လီဗာပူးလ်ပင်နယ်တီရခဲ့ပါတယ်။ ဒါကို ဆာလာက ကန်သွင်းယူပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အလှည့်အပြောင်းတွေက အရမ်းများခဲ့ပြီး အဲဗာတန်ကတော့ ပွဲတလျှောက်လုံး ကောင်းမွန်လာပြီးမှ ကံဆိုးစွာနဲ့ လက်ထိခဲ့လို့ ဂိုးပေးခဲ့ရတာပါ။
ပရီးမီးယားလိဂ်မှာ ၂ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ လီဗာပူးလ်ကလည်း ဒါဘီပွဲကို အနိုင်ရဖို့ တော်တော်လေးအားထည့်ခဲ့တာပါ။ ဂိုးမရတဲ့အချိန်မှာ ကလော့ပ်က အပြောင်းအလဲတွေ ဆက်တိုက်လုပ်ခဲ့ပြီး ဆာလာရဲ့ ညာခြမ်းတိုက်စစ်အားနည်းခဲ့ပေမယ့် ဒီယက်ဇ်ရဲ့ ဘယ်တောင်ပံဘက်က အတင်းဝင်အတင်းထွက်ကစားမှုက သူတို့ကို ဂိုးရစေခဲ့ပါတယ်။
အဲဗာတန်က ချေပဂိုးပြန်သွင်းနိုင်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူးး။ လီဗာပူးလ်ကလည်း နောက်တဂိုးရဖို့ထက် အနိုင်သေချာအောင်ပဲ ကစားခဲ့လို့ ပွဲက အေးစက်သွားခဲ့ပါတယ်။ အီလီယော့ရဲ့ အပြင်းကန်ချက်ကလည်း တိုင်ထိထွက်ခဲ့လို့ လီဗာပူးလ်နစ်နာခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ နူနက်ဇ်က တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးပြီး ဆာလာကို ဖန်တီးပေးတာမှာ ဆာလာက အပိုင်ပိတ်သွင်းခဲ့လို့ ၂-၀ နဲ့ လီဗာပူးလ်တို့ အနိုင်ရခဲ့ပါတယ်။