အာဆင်နယ်တို့လည်း ဒီနေ့အိမ်ကွင်းပွဲမှာ ဖူလ်ဟမ်ကို ပွဲအစ တမိနစ်မှာပဲ ဂိုးပေးလိုက်ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးဂိုးကို ဖူလ်ဟမ်က ရရှိခဲ့ပြီး အာဆင်နယ်ခံစစ်ပိုင်းနဲ့ ဂိုးသမားအမှားကတဆင့် ပါရဲယားက အပိုင်ကန်သွင်းသွားခဲ့တာပါ။
ပွဲစစချင်းပဲ ဂိုးပေးလိုက်ရလို့ အာဆင်နယ်တို့ မင်သက်ခဲ့ရပြီး ချေပဂိုးရဖို့ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားခဲ့ပေမယ့်လည်း ဂိုးမရခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ အခွင့်အရေးတွေရပေမယ့်လည်း ဖူလ်ဟမ်ခံစစ်က အမှားအယွင်းမရှိ ဟန့်တားနိုင်ခဲ့လို့ ပထမပိုင်းမှာ ၁-၀ နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ချေပဂိုးရဖို့ ပိုပြီး ကစားအားတင်ခဲ့ပေမယ့် တော်တော်လေးတော့ ခက်ခဲခဲ့ပါတယ်။ ဖူလ်ဟမ်က အနိုင်ဂိုးကို ထိန်းထားနိုင်ဖို့ ခံစစ်ကို သေချာကစားနေခဲ့လို့ အာဆင်နယ်တိုက်စစ်လည်း အကျပ်ရိုက်နေခဲ့ရတာပါ။ ကစားသမားလဲလှယ်မှုတွေကို အာတီတာက ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးရဖို့ကတော့ အလှမ်းဝေးခဲ့ပါတယ်။
ဒါပေမယ့် ၆၇ မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီရရှိခဲ့ပြီး ဆာကာက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ဒါက ပွဲကို အလှည့်အပြောင်းဖြစ်စေနိင်ခဲ့တဲ့ အခိုက်အတန့်ပါပဲ။ ဒီနောက်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုးပါ ပြန်ရသွားခဲ့ပြီး လူစားဝင်လာတဲ့ အန်ကီတီယာက သွင်းယူပေးသွားခဲ့ပါတယ်။
ဒီနောက်တော့ အာဆင်နယ်က ပွဲကိုပြန်ထိန်းသွားခဲ့ပြီး အနိုင်ရလဒ်ကို ကိုင်ဆုပ်နိုင်ဖို့ကိုပဲ ဦးစားပေးခဲ့ပါတယ်။ ဖူလ်ဟမ်အတွက်တော့ အခက်ကြုံခဲ့ရပေမယ့်လည်း ၈၇ မိနစ်မှာ ပယ််လ်ဟင်ဟာက ချေပဂိုးပြန်သွင်းသွားလို့ အာဆင်နယ်တို့ ပြန်အကျပ်ရိုက်သွားပါတယ်။ တယောက်လျော့အနေအထားကနေ ဖူလ်ဟမ်တို့ ပြန်သွင်းသွားတာပါ။ နာကျင်အချိန်ပို ၉ မိနစ်အထိ ပေးခဲ့ပေမယ့် အာဆင်နယ်တို့ ဂိုးထပ်မရခဲ့ဘဲ အဖိုးတန်ရမှတ် ၂ မှတ်ကို လက်လွှတ်ခဲ့ရပြီး ၂-၂ သရေနဲ့သာ ကျေနပ်သွားခဲ့ရပါတော့တယ်။