ယူနိုက်တက်ဟာ ကျိန်စာသင့်နေပြီး ပြိုင်ဘက်တွေရဲ့နောက်မှာ ပြတ်ကျန်နေခဲ့ရတဲ့အကြောင်းကို ရှင်းပြဖို့လည်း အခွင့်အရေးမရှိခဲ့ဘူးလို့ ဒီဂီယာက ပြောဆိုလိုက်ပါတယ်။ စပိန်ဂိုးသမားဟာ ယူနိုက်တက်အတွက် လက်စွမ်းပြနေခဲ့ပေမယ့် အသင်းကတော့ ရလဒ်တွေကျဆင်းနေခဲ့ပြီး ဆုဖလားစိန်ခေါ်နိုင်တဲ့ အရည်အသွေးမျိုးကို မပြသနိုင်ခဲ့ဘဲရှိနေခဲ့တဲ့အပေါ် ဒီဂီယာက နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။
"တယောက်ယောက်က ကျနော်တို့ကို ကျိန်စာတိုက်နေတယ်ထင်တာပဲ၊ အမှန်က ဘာတွေဖြစ်နေလဲဆိုတာကိုလည်း ကျနော်မသိဘူး၊ တကယ်မသိတာပါ၊ လူတွေက ကျနော့်ကိုအမြဲတမ်းမေးတယ်၊ အသင်းဖော်တွေနဲ့လည်း ဒီအကြောင်းကိုပြောဖြစ်တယ်၊ ဒါပေမယ့် ဘာတွေဖြစ်နေလဲ မသိဘူးလို့ပဲ ပြောနေခဲ့ရတယ်၊ ကျနော်တို့က ဆုဖလားတွေအတွက် ပိုပြီးတော့ ယှဉ်ပြိုင်နိုင်သင့်တယ်"
"ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားတွေပေါ့၊ ဒါပေမယ့် ဒီအသင်းက ဘာလို့အလုပ်မလုပ်လဲ ကျနော်မသိဘူး" လို့ ဒီဂီယာက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ကာ ရန်းဂ်နစ်ခ်ကို ခန့်အပ်ခဲ့ပြီး အသင်းကိုပြင်ဆင်ခဲ့သလို ဒီရာသီအတွက် ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကို ခေါ်ယူထားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘဲ အမှတ်ပေးလိဂ်မှာ အဆင့်လေးအတွင်း ဝင်ခွင့်ကို ရုန်းကန်နေရပြီဖြစ်ပါတယ်။