ဇွန် ၂၃ ရက်နေ့က ဘုရားကျောင်းတစ်ခုသို့ သွားရောက်ခဲ့စဥ်အတွင်း mask တပ်မထားခဲ့တာ ဖြစ်ပါတယ်။

ဘူလ်ဂေးရီးယားနိုင်ငံ ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်ကို mask တပ်ရမယ့် စည်းမျဥ်းညွှန်ကြားချက် ချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

(Photo: bnt.bg)

ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဘိုရီဆော့ဗ်ဟာ ဇွန် ၂၃ ရက်နေ့က ဘုရားကျောင်းတစ်ခုသို့ သွားရောက်ခဲ့စဥ်အတွင်း mask တပ်မထားခဲ့တာကြောင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၇၄ ဒေါ်လာ (မြန်မာကျပ်ငွေ ၂၄၀,၀၀၀ ကျော်) ပေးဆောင်စေခဲ့ကြောင်း သိရပါတယ်။ ဘူလ်ဂေးရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း COVID-19 ကူးစက်မှုများ အပတ်စဥ်အလိုက် အမြင့်ဆုံးဖြစ်လာခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီး Kiril Ananiev က အများပြည်သူဆိုင်ရာ အဆောက်အအုံများအတွင်း mask တပ်ထားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။



(Photo: bnt.bg)

"ဝန်ကြီးချုပ် လာရောက်ခဲ့တုန်းက Rila Monastery မှာရှိတဲ့ ဘုရားကျောင်းထဲမှာ mask တပ်မထားသူ အားလုံးကို ဒဏ်ငွေရိုက်သွားမှာပါ" လို့ ကျန်းမာရေးဝန်ကြီးဌာနက Reuters သတင်းဌာကို အီးလ်မေးတစ်စောင်မှာ ပြောခဲ့ပါတယ်။ ထိုသို့ ဒဏ်ငွေရိုက်ရာမှာ ဝန်ကြီးချုပ်ဘိုရီဆော့ဗ် အပါအဝင် ၎င်းနဲ့အတူ လိုက်ပါလာပြီး ဘုရားကျောင်းအတွင်း mask တပ်မထားခဲ့တဲ့ ဂျာနယ်လစ်များ၊ ဓာတ်ပုံဆရာများကိုလည်း ဒဏ်ငွေရိုက်သွားမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဘုရားကျောင်းထဲမှာ mask တပ်မထားခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကိုလည်း ဒဏ်ငွေရိုက် မရိုက်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက မပြောထားပါဘူး။

(Photo: triptipedia)

ဘူလ်ဂေးရီးယားနိုင်ငံ Sofia မြို့တော်ရဲ့တောင်ဘက် Rila တောင်တန်းဒေသရှိ Eastern Orthodox Rila Monastery ဟာ သက်တမ်း နှစ်ပေါင်း ၁,၀၀၀ ကျော်ရှိပြီဖြစ်ပြီး အရောင်အသွေးစုံတဲ့ ဆေးရေးပန်းချီလက်ရာတို့ကြောင့် ထင်ရှားကျော်ကြားကာ ဘူလ်ဂေးရီးယားမှာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုအများဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၃,၉၀၀ ကျော်၊ သေဆုံးသူ ၂၀၇ ဦးနဲ့ ပြန်လည်သက်သာသူ ၂,၁၇၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က