In partnership with  logo
ဖူးသစ်ကျော်တစ်ယောက် အရင်ကကိုယ့်ကိုကိုယ် စိတ်ရှည်တတ်တဲ့သူမဟုတ်ဘူးလို့ လက်ခံထားသမျှ ဒီ Resin Accessories လေးတွေ စတင်ဖန်တီးတဲ့အချိန်မှာတော့ သူ့ကိုယ်သူဘယ်လောက်စိတ်ရှည်ပြီး၊ ၀ါသနာပါတဲ့ အရာကို ပုံဖော်နေချိန်မှာ စျာန်ဝင်စားမှုအားဘယ်လောက်ကောင်းတယ်ဆိုတာ သိသွားခဲ့ရပါတယ်။

အမျိုးသမီးတစ်ယောက်အတွက် သူဝါသနာပါရာ လက်မှုပညာ၊ အိမ်တွင်းမှုလုပ်ငန်းစတာလေးတွေ လုပ်နေရချိန်ဟာ အခြားအလုပ်တွေလုပ်နေရချိန်နဲ့မတူ စိတ်ထဲအေးချမ်းပြီး ကိုယ့်ဆီမှာပုန်းအောင်းနေတဲ့ အရည်အချင်းတွေ၊ ကိုယ်မပိုင်ဆိုင်ခဲ့ဘူးထင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်တိုင်သိရှိနားလည်လိုက်ရတဲ့ အချိန်တွေပါပဲ။ ဒါ့အပြင် ဒီလိုအလုပ်လေးတွေက ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့အလုပ်လည်း ဖြစ်တယ်လို့ ပြောပြလာခဲ့တဲ့သူကတေ့ Resin Accessories လေးတွေကို သူများနဲ့မတူတဲ့ ဖန်တီးမှုတွေ အမြဲချပြတတ်တဲ့ ဖူးသစ်ကျော်ပဲ ဖြစ်ပါတယ်။

သူမဟာ ဒီhandmade လောကမှာ Resin Jewelry By PTK ဆိုတဲ့ pageလေးကနေ Resin Accessories လေးတွေ သီးသန့်ဖန်တီးရင်းရောင်းချရင်း ရပ်တည်လာခဲ့တာ တစ်နှစ်ကျော်ရှိခဲ့ပါပြီ။ တစ်နှစ်ကျော် ကာလအတွင်းမှာ သူမရဲ့လက်ရာတွေဟာ တစ်ခုဆို ဆိုသလောက် Resin accessories ချစ်သူတွေကြား ပေါက်ခဲ့ပါတယ်။ ဘယ်လိုကနေ ဒီ accessories လေးတွေ စလုပ်ဖြစ်သလဲ ဆိုတဲ့အကြောင်း သူမကို မေးကြည့်တဲ့အခါမှာတော့ “Resin Accessories လေးတွေ စလုပ်ဖြစ်တာ မနှစ်က သကြန်အပြီးမှာပါ။ facebook မှာ သင်တန်းကြော်ငြာလေးတွေ့ပြီး ဒါလေးတွေ ဒီလိုကိုယ်တိုင်လုပ်လို့ရတာပါလားဆိုတာ သဘောပေါက်သွားရာကနေ လုပ်နည်းလေးတွေ internet မှာရှာကြည့်၊ ကုန်ကြမ်းဝယ်လို့ရမယ့် နေရာလေးတွေ စုံစမ်းပြီး စဖြစ်သွားပါတယ်” လို့ ပြောပြသွားပါတယ်။

စိတ်အားထက်သန်မှုနဲ့ ၀ါသနာပေါင်းပြီး ပထမဆုံးစလုပ်ဖြစ်တဲ့ လက်ရာလေးကတော့ သူမအတွက် ရိုးစင်းကောင်းရိုးစင်းနေပါလိမ့်မယ်။ ကုန်ကြမ်းဝယ်တုန်းကပါလာတဲ့ပန်းပွင့်လေးရယ်၊ glitter အမှုန့်လေးတွေရယ်ကို လေးထောင့်မိုထဲမှာ နေရာချပြီးစလုပ်ကြည့်ပြီးထွက်လာတဲ့ သူမရဲ့လက်ရာဟာ သူမရဲ့မိသားစုဝင်တွေရဲ့ သဘောကျအားပေးမှုကိုတော့ အပြည့်အဝစတင်ရရှိခဲ့ပါတယ်။ အဲ့ဒီကနေ Resin Jewelry By PTK ဆိုတဲ့ page လေး စတင်ပေါ်ပေါက်လာခဲ့တာပါပဲ။

ကိုယ်တိုင်လေ့လာအားကောင်းကောင်းနဲ့ accessories တွေကို ဖန်တီးခဲ့ရတာမို့ အခက်အခဲအနေနဲ့ကတော့ “အစပိုင်းမှာ resin အရည် အချိုးအဆမညီလို့ မခြောက်တော့တာတွေ၊ ဖုန်လေးတစ်စဝင်သွားလို့ ပစ်ရတာတွေ၊ အဲ့ဒီကထွက်တဲ့ အနံ့ကိုကျင့်သားမရသေးတော့ နှာခေါင်းသွေးလျှံတာတွေ ကြုံရပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေဟာ ခဏပါပဲ။” လို့ သူမက ဆိုပါတယ်။

ဖူးသစ်ကျော်တစ်ယောက် အရင်ကကိုယ့်ကိုယ်ကိုယ် စိတ်ရှည်တတ်တဲ့သူမဟုတ်ဘူးလို့ လက်ခံထားသမျှ ဒီ Resin Accessories လေးတွေ စတင်ဖန်တီးတဲ့အချိန်မှာတော့ သူ့ကိုယ်သူဘယ်လောက်စိတ်ရှည်ပြီး၊ ၀ါသနာပါတဲ့ အရာကို ပုံဖော်နေချိန်မှာ စျာန်ဝင်စားမှုအားဘယ်လောက်ကောင်းတယ်ဆိုတာ သိသွားခဲ့ရပါတယ်။

“ဒီ Resin Accessories လုပ်နေတဲ့အချိန် ကိုယ့်ဘာသာကိုယ် နားလည်သွားခဲ့တာတွေရှိတယ်။ အဲ့ဒီအထဲမှာ တစ်ခုကတော့ ကိုယ်ကစိတ်ရှည်တတ်တဲ့အမျိုးမဟုတ်ပေမယ့် ဒါလေးတွေလုပ်နေရရင်တော့ ကိုယ့်ဘာသာတောင် မယုံနိုင်လောက်အောင် စိတ်ရှည်တယ်ဆိုတာကိုပေါ့။ ကိုယ်ကြိုက်တာလုပ်ရတာမို့ ကိုယ်ပျော်တယ်ဆိုတာမျိုးဖြစ်မယ်”တဲ့။

Resin Accessory လေးတစ်ခုရဖို့ ဘယ်လိုတွေအဆင့်ဆင့်ဖန်တီးပုံဖော်ရတယ်ဆိုတဲ့ အပိုင်းကိုတော့ သူမက “ပထမဆုံး resin အရည်နဲ့ သူ့ကိုမာခဲစေတဲ့ hardener ကို အချိုးကျရောစပ် သမအောင်မွှေရပါမယ်။ ဒီမှာတော့ အဲ့ဒီ အရည်နှစ်မျိုးကို A နဲ့ B ဆိုပြီး ခေါ်ကြပါတယ်။ ပြီးတော့ ကိုယ်ထည့်ချင်တဲ့အရာလေးကို မိုထဲထည့်၊ ရောစပ်ထားတဲ့အရည်လောင်းထည့်၊ ပြီးတော့ ဖုန်အမှိုက်တွေ မဝင်နိုင်တဲ့နေရာမှာ၊ အရမ်းမပူလွန်း မအေးလွန်းတဲ့နေရာမှာ အခြောက်ခံရပါတယ်။ အချိန်အားဖြင့် ၁၈ နာရီလောက်ကြာတတ်ပါတယ်။” လို့ ရှင်းပြသွားပါတယ်။

ခုနောက်ပိုင်းမှာတော့ ဖူးသစ်ကျော်ဟာ Resin Accessories တွေအပြင် Clay Accessories လေးတွေလည်း စတင်ဖန်တီးနေပြီဖြစ်ပါတယ်။ ဒီပညာကိုလည်း Resin တုန်းကလိုပဲ အင်တာနက်ကနေ ရှာရင်းဖွေရင်း မြင်ဆရာတွေဆီက လေ့လာမှတ်သားရင်း စတင်ဖန်တီးဖြစ်သွားတာပါ။

ဒီအကြောင်းကိုလည်း “ Clay Accessories လေးတွေလုပ်ဖြစ်တာက Handmade ဖန်တီးသူတွေဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပဲလေ။ အဲ့ဒါလေးတွေတွေ့တော့ ထုံးစံအတိုင်းစမ်းကြည့်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ Resin ကတော့ ခရီးအတော်ရောက်ခဲ့ပါပြီ။ Clay က ခုမှ အစရှိသေးတာ” လို့ သူမက ပြောပြပါတယ်။

ပထမဆုံးစလုပ်တဲ့ သူမရဲ့ Clay tropical leaves earrings လေးတွေဟာ လူကြိုက်များခဲ့တာမို့ သူမအတွက်တော့ တကယ့်ကိုပီတိဖြစ်စရာပါပဲ။ ဒါ့ကြောင့် သူမကလည်း ကိုယ်ဝါသနာပါရာ ဒီအလုပ်လေးကို လုပ်နေရချိန်သာမက ကိုယ့်လက်ရာကို အသစ်ထွက်တိုင်း customer တွေက အားပေးတဲ့အခါမှာပါ တကယ့်ကို ပျော်ရတယ်လို့ ဆိုသွားတာပေါ့။

“Customer အများစုရဲ့ feedback အနေနဲ့ပြန်ကြားရသိရတာကတော့ ကိုယ့်ဒီဇိုင်းလေးတွေက ဘယ်သူနဲ့မှ မတူတဲ့ ဒီဇိုင်းလေးတွေပါတဲ့။ ပြီးတော့ ကိုယ့်ဆီက မှာတဲ့ ပစ္စည်းလေးတွေကို ဝတ်ရိုက်ထားတဲ့ ပုံလေးတွေ ပို့ပေးကြတယ်။ အဲ့လိုအခါတွေမှာ တကယ်ကို ပျော်ရပါတယ်” လို့ သူမက ဖွင့်ဟလာပါတယ်။

Accessories လေးတွေ ဖန်တီးတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြီးကြီးမားမားမဟုတ်ပေမယ့် ကြုံရတတ်တဲ့အရာတစ်ခုကိုတော့ သူမက “ကိုယ်ဖန်တီးလိုက်တဲ့ ကိုယ့်ပစ္စည်းလေး လှတပတထွက်လာတဲ့အချိန် စိတ်ခံစားချက်က ဘာနဲ့မှ ဖော်ပြလို့မရပေမယ့် တစ်ခါတလေမှာတော့ လိုချင်တဲ့ကုန်ကြမ်းမရတာရယ်၊ အားလုံးပြီးပြီဆိုတော့မှ error တစ်ခုခုရှိနေတာမျိုးတွေတော့ ကြုံရတတ်ပါတယ်။ Resin ဆို တစ်ခုရဖို့ အချိန်တွေအများကြီးပေးထားရတာလေ။ Clay ဆိုလည်း ကိုယ်စိတ်ရှည်လက်ရှည် လိုသလိုပုံဖော်ပြီးမှ ပျက်သွားတာမျိုးဆို အသဲယားဖို့ကောင်းတယ်” တဲ့။

သူမရဲ့လက်ရာတွေဟာ အသစ်ထွက်တိုင်း တစ်ခုဆို ဆိုသလောက် လူကြိုက်များတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် ဒီဇိုင်းအသစ်ကို စဉ်းစားတဲ့အခါ သူမဘယ်လိုစဉ်းစားပြီး ဖန်တီးသလဲဆိုတဲ့အပိုင်းကလည်း စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။

ဒါကိုသူမက “ဒီဇိုင်းအသစ်အတွက်စဉ်းစားတာက အပိုင်းနှစ်ပိုင်းရှိပါတယ်။ ကိုယ့်ဆီမှာရှိပြီးသား ကုန်ကြမ်းလေးတွေကို တွဲဖက်တာရယ်နဲ့ ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းလေးဖြစ်လာဖို့အတွက် ကုန်ကြမ်းလိုက်စုရတာရယ်ပါ။ စလုပ်ခါစကတော့ ခေါင်းထဲမှာပေါ်လာတဲ့ ဒီဇိုင်းလေးတွေမှန်သမျှ ထလုပ်လိုက်တာပဲ။ ခုနောက်ပိုင်းတော့ အော်ဒါတွေက တစ်ဖက်နဲ့မို့ တစ်လမှာ အသစ်နှစ်ခုလောက်တော့ ဒီဇိုင်းအသစ်လုပ်ဖြစ်ပါတယ်”တဲ့။

ခုချိန်ထိ သူမဖန်တီးထားတဲ့ accessories တွေဟာ အဓိကအားဖြင့်တော့ ဝတ်ဆင်လို့ရတဲ့ accessories လေးတွေ များပါတယ်။ လုပ်ခဲ့တဲ့ဒီဇိုင်းအရေအတွက်ကတော့ ၁ဝဝကျော်ရှိနေပါပြီ။

ဖူးသစ်ကျော်ဟာ ဒီ Resin နဲ့ Clay Accessories ဖန်တီးမှုနဲ့ပတ်သက်ပြီး သင်တန်းပြန်ပေးတာမျိုး မလုပ်ဖြစ်ပေမယ့် ဒီပညာကို လေ့လာချင်သူ၊ တကယ်ဖန်တီးဖို့ ၀ါသနာပါပြီး စိတ်အားထက်သန်သူတွေကို သူမ page ရဲ့ inbox ကတစ်ဆင့် လာမေးမြန်းနိုင်တဲ့အကြောင်း ခုလိုဆိုပါတယ်။

“သင်တန်းရယ်လို့ သပ်သပ်မပေးဖြစ်ပါဘူး။ စိတ်ဝင်စားတဲ့သူတွေကို ကိုယ်သိသလောက်တော့ လုပ်ပုံလုပ်နည်းလေးတွေ၊ တွေ့နိုင်တဲ့အခက်အခဲလေးတွေ မျှဝေပေးဖြစ်တယ်။ ဒီအင်တာဗျူးဖတ်မိတဲ့သူတွေ စိတ်ဝင်စားရင်လဲ အားမနာတမ်းမေးနိုင်ပါတယ်။ ကိုယ်က သင်တန်းတက်ပြီး စနစ်တကျသိတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အတွေ့အကြုံအရ ကိုယ်သိသလောက်တတ်သလောက်တော့ လမ်းညွှန်ပေးနိုင်ပါတယ်။” လို့ သူမက ပွင့်ပွင့်လင်းလင်းပြောပြသွားပါတယ်။

ကိုယ်တိုင်ကလည်း Pinterest တို့ YouTube စတာတွေကနေ မြင်ဆရာတွေဆီကတစ်ဆင့် လေ့လာခဲ့သလို၊ ခုထိလည်း ဆက်လက်လေ့လာသင်ယူနေဆဲမို့ သူမလို ၀ါသနာတူတွေ အမျိုးသမီးတွေအတွက် သူမတတ်နိုင်တဲ့ဘက်က အတွေ့အကြုံတွေ ပြန်လည်ဝေမျှပေးတဲ့သဘောပါပဲ။

ကိုယ်ချစ်တဲ့ဝါသနာကို လက်မလွှတ်ဘဲ ပုံဖော်နေတဲ့ ဖူးသစ်ကျော်ရဲ့တစ်နေ့တာဖြတ်သန်းပုံလေးကတော့ “မနက်အိပ်ရာထတာနဲ့ မနေ့က လုပ်ထားတဲ့ပစ္စည်းလေးတွေ အားလုံး perfect ြဖစ်ရဲ့လားပြန်စစ်ဆေးကြည့်၊ အဲ့ဒါပြီးရင် နောက်ထပ်လုပ်စရာရှိတဲ့ အော်ဒါလေးတွေ ထိုင်လုပ် ပျမ်းမျှ နှစ်နာရီလောက်တော့ အချိန်ပေးရတယ်။ အဲ့ဒါပြီးရင်တော့ အခြောက်ခံတဲ့အဆင့်ပေါ့။ တစ်ခါလုပ်ရင် လေးငါးစုံလောက်ပဲ လုပ်ဖြစ်တယ်။ အဲ့ဒါမှ ပစ္စည်းလေးတွေထွက်လာရင် အမှားနည်းတယ်။” လို့ သူမက ပြောသွားပါသေးတယ်။

လက်မှုပညာကို အရင်ကတည်းကတန်ဖိုးထားတဲ့သူတွေ ရှိခဲ့ကြသလို ခုချိန်မှာတော့ အရင်ကထက်ပိုများလာပြီး ပိုမိုမြင်သာလာတာမို့ ဒါဟာ ပျော်စရာကောင်းတဲ့အချက်လို့ သူမက ဆိုပါတယ်။ သူမအနေနဲ့ကလည်း သူများနဲ့မတူတဲ့ ဒီဇိုင်းအသစ်အသစ်လေးတွေကို အမြဲဖန်တီးသွားမှာလို့ ပြောသွားပါသေးတယ်။ သူမရဲ့လက်ရာတွေကို အသစ်ထွက်တိုင်းအမြဲအားပေးနေကြတဲ့ customer တွေကိုလည်း သူမက

“ကိုယ့်ရဲ့ Handmade လုပ်သက်တစ်နှစ်ကျော်ဆိုတာ အတော်နုပါသေးတယ်။ ကိုယ်သဘောကျရတဲ့ တခြားလက်မှုပညာရှင်တွေ အများကြီးရှိပါတယ်။ Handmade လေးတွေ ဖန်တီးသူ ဝတ်ဆင်သူအားလုံးကို ချစ်ခင်လေးစားအားကျလျှက်ပါ။ Customer ပိုင်းနဲ့ပတ်သက်ပြီးပြောရရင် Handmade လေးတွေကို လာဝယ်တဲ့သူက တခြားစျေးဝယ်တွေနဲ့မတူဘူး။ ကြိုက်လို့ကို လာမှာတယ်ဆိုတာမျိုး။ ပြီးတော့ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ ဝတ်ထားတာလေးတွေ မြင်ရရင် အရမ်းပျော်ပဲ။ အဲ့ဒီတော့ ဒါလေးတွေ လုပ်ရတာ ကုသိုလ်လည်းရ ၊ဝမ်းလည်းဝဆိုတာမျိုး နှလုံးသွင်းမိပါတယ်” လို့ ရင်ထဲကပီတိစကားကို ဖွင့်ဟသွားပါတယ်။

ဖူးသစ်ကျော် Resin Jewelry By PTK ရဲ့ လက်ရာလေးတွေကို ကြည့်လိုက်ရင် သူမရဲ့စိတ်စေတနာ၊ လေ့လာမှုအားနဲ့ အနုပညာဓာတ်ခံ ဘယ်လောက်ရှိတယ်ဆိုတာကို ခံစားနားလည်နိုင်ပါလိမ့်မယ်။ သပ်ရပ်ပြီး ထူးခြားလွန်းတဲ့ ဒီဇိုင်းတွေကြောင့် သူမရဲ့အသစ်အသစ်သော လက်ရာတွေ ဘာတွေဖြစ်လိမ့်မလဲ၊ ပြီးတော့ ဘယ်လိုတွေ ထပ်ပြီးဖန်တီးဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

လက်မှုပညာတစ်ခုခုကို လေ့လာသင်ယူချင်တဲ့ အမျိုးသမီးတွေ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေး တွေကို စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအတွက် ဖူးသစ်ကျော်ကလည်း အတုယူစံထားစရာ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်ဖန်တီးကြည့်ရင်း Handmade စျေးကွက်ထဲ ဘယ်လိုထိုးဖောက်ပြီး တဖြည်းဖြည်း နေရာယူနိုင်သလဲဆိုတာကို သက်သေပြသွားခဲ့သူ မဟုတ်ပါလား။

Share

Loading Next Article...
က္က