၂၀၁၃ ခုနှစ်မှာ အားလုံးစတင်ခဲ့တာပါ။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၎င်းရဲ့ လေပေါ်ပျံဝဲရင်း လက် ၂ နှစ်ဖက် နောက်ကို ဆန့်တန်းပြီး ‘Sii’ လို့ အော်ဟစ်တဲ့ အောင်ပွဲခံဟန်ဟာ ဘယ်လိုစဖြစ်လာခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ ဂိုး သွင်းယူခဲ့ရာမှာ အကြိမ်ပေါင်းများစွာ ယင်းအောင်ပွဲခံဟန်ကို အသုံးပြုခဲ့တာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူးဟာ စီးရီးအေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။



ဘလွန်းဒီအော် ၅ ဆုရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဘက်ကို ဟက်ထရစ်သွင်းယူပြီး ဂျူဗင်တပ်အသင်းကို ကွာတားဖိုင်နယ်တက်ရောက်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ အေဂျက်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ၈ နှစ်ဆက် စီးရီးအေဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နောက်ထပ်နိုင်ငံတကာဆုဖလားတစ်လုံးအဖြစ် ဥရောပနေးရှင်းလိဂ်ဖလားကို ရယူပေးခဲ့သူဖြစ်ပါတယ်။

ရော်နယ်ဒိုက ၎င်းရဲ့အထင်ကရအောင်ပွဲခံဟန်ရဲ့နောက်ကွယ်က ဇာတ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းအောင်ပွဲခံဟန်ကို ၂၀၁၃ ခုနှစ်က အမေရိကန်မှာ စတင်စမ်းသပ်ခဲ့တာဖြစ်တယ်လို့ Soccer.com ကို ပြောကြားခဲ့ပါတယ်။


“အင်း။ ကျွန်တော် အမေရိကားကို ရောက်နေခဲ့ပြီး ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲဒီအသံက ဘယ်ကနေ ထွက်လာမှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော် ဂိုးသွင်းယူပြီးတော့ ‘စီး’ဆိုပြီး ပါးစပ်ကထွက်သွားရော”

“ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အဲဒါက သဘာဝပါပဲ။ အဲဒီအဖြစ်အပျက်ပြီးနောက်မှာ ကျွန်တော် အဲဒီလို စလုပ်တော့တာပဲ။ ကျွန်တော့်ကို ပရိသတ်တွေက မြင်တဲ့အခါမှာ ‘စီး’ဆိုပြီးလုပ်ကြတော့ ‘ဟာ၊ လူတွေက စီး ဆိုတဲ့အသံကြောင့် ခရစ်စတီယာနိုကို မှတ်မိကြတာပဲ’ဆိုပြီး သိလိုက်ရကတည်းက အဲဒီအတိုင်းပဲ ကျွန်တော် ဆက်လုပ်တော့တာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က