ပွဲအခမ်းအနားတွေသွားရတော့မယ်ဆိုရင် အဝတ်အစားကို အလွယ်တကူတွဲစပ်ပြီး ဖက်ရှင်ကျပါတယ်ဆိုတဲ့သူတွေတောင် ပွဲတက်ဖက်ရှင်အတွက် အမြဲခေါင်းစားကြရလေ့ရှိပါတယ်။ ပွဲအတွက် ရက်ကြိုပြီး စီစဉ်ထားရင်တောင် သွားခါနီးမှ အဆင်မပြေဖြစ်တာမျိုး၊ စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုးတွေ မကြုံရစေဖို့ ဒီအချက် (၇) ချက်ကို သိထားဖို့ လိုပါတယ်။
(၁) ပွဲအကြောင်းကို သိနိုင်လေကောင်းလေပါ။
ကျင်းပမယ့်ပွဲရဲ့နေရာ၊ အချိန်၊ နေ့ပွဲ၊ ညပွဲ၊ ဘာဝတ်လာပေးပါ ဆိုပြီး ပြောပြပေးထားတဲ့ Dress Code စတာတွေကို ပထမဆုံးထည့်စဉ်းစားပါ။ ကိုယ့်ဝတ်သွားမယ့် dress က သိပ်တိုလွန်း၊ ပါးလွန်းနေတဲ့အခါ ရာသီဥတုအေးနေရင် အဆင်မပြေဖြစ်တတ်တာမျိုး သတိရပါ။ ပူတဲ့အချိန် အထပ်ထပ်ဝတ်ပြီး ရှိုးထုတ်တာမျိုးကိုလည်း ရှောင်ရမှာပေါ့။ ဒီတော့ အပေါ်ကအချက်တွေမှာမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားကို ရွေးရပါမယ်။
(၂) အလိုက်ဖက်ဆုံးကို စဉ်းစားပြီး ခေတ်နဲ့အညီ ပြန်ဆင်မြန်းပါ။
ကိုယ်နဲ့အလိုက်ဖက်ဆုံး အင်္ကျီအဝတ်အစား၊ dress ဒီဇိုင်းတွေက ဘာလဲဆိုတာ ပြန်စဉ်းစားပါ။ ပြီးတဲ့အခါ ခုခေတ်စားနေတဲ့ ဒီဇိုင်းလေးတွေကိုလည်း အွန်လိုင်းမှာ ရှာဖွေပြီး ဘယ်လိုပုံစံလေးဝတ်ချင်လဲဆိုတာ ပြန်တွေးကြည့်ပါ။ ဥပမာ ကိုယ်က suit ဝတ်ချင်တယ်ဆို ခုနောက်ပိုင်း suit တွေကို ဘယ်လိုဒီဇိုင်းလေးတွေ ပိုခေတ်စားလာသလဲ ဆိုတာမျိုးပေါ့။ ဒီ့အတွက်ကို ပွဲတက်ဖို့ရှိရှိမရှိရှိ Online မှာရော ဆိုင်ဖွင့်ပြီးပါရောင်းတဲ့ ဆိုင်လေးတွေမှာ ဘာတွေတင်သလဲ Facebook က online shop page တွေမှာ လေ့လာပါ။ ဒါ့အပြင် ဖက်ရှင်ဘလော့ကာတွေ၊ အနုပညာရှင် မော်ဒယ်တွေရဲ့ page တွေ အကောင့်တွေကိုလည်း facebook မှာရော instagramမှာပါ follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
(၃) ပွဲမှာ ကိုယ်ကဘယ်လိုအချိန်ကုန်မှာလဲဆိုတာလည်း ထည့်စဉ်းစားပါ။
ကိုယ်က ပွဲအခမ်းအနားမှာ တစ်ချိန်လုံး မတ်တပ်ရပ်နေရမှာလား။ ထိုင်နေဖို့များသလား။ စင်ပေါ်တက်ပြီး စကားပြောရမှာလား။ စတဲ့အချက်တွေကလည်း ထည့်သွင်းစဉ်းစားဖို့ လိုတဲ့အချက် ဖြစ်ပါတယ်နော်။ ဒီအချက်ပေါ်မူတည်ပြီးမှသာ ပိုပြီး ထင်ရှားထူးခြားတာမျိုး ရွေးရမှာလား။ ပြောင်ပြောင်လက်လက် လေးတွေပါတာရွေးသင့်သလား သိမှာပါ။ တစ်ချိန်လုံးနီးပါး မတ်တပ်ရပ်ရမယ်ဆိုရင်တော့ ဖိနပ်ကို သိပ်မြင့်တာ မရွေးဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်ရှင်။
(၄) ပွဲအကြောင်းသိသိရချင်း စတင်ပြင်ဆင်ပါ။
ဖက်ရှင်နဲ့ပတ်သက်ရင် အခမ်းအနားတစ်ခုအတွက် ကိုယ့်ဘက်ကလည်း ကြိုတင်အချိန်ယူပြင်ဆင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ ကိုယ်ကအင်္ကျီကို ချုပ်ဝတ်မယ်ဆို ပွဲအကြောင်းသိရပြီဆိုတာနဲ့ ကိုယ့်အင်္ကျီကိုချုပ်ပေးမယ့်သူနဲ့ စပြီးတိုင်ပင်သင့်ပါတယ်။ မဟုတ်ဘူး Ready Made ထဲကပဲ ရှာမယ်ဆိုရင်တော့ အတတ်နိုင်ဆုံး အွန်လိုင်းရှော့ (online shop) တွေက မှာတာကိုမလုပ်ဘဲ ကိုယ်တိုင်ဆိုင်မှာသွားပြီး try ကြည့်ပြီး ဝယ်သင့်ပါတယ်။ အဲဒီလိုဝယ်မယ်ဆိုရင်တောင် တစ်ခါတလေ ကြိုက်တာရှာလို့မတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ကပ်ပြီးလုပ်တာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။
(၅) အဆင်တန်ဆာတွေရဲ့ အရေးပါပုံကို မမေ့ပါနဲ့။
အဝတ်အစားနဲ့လိုက်ဖက်တဲ့ Accessory တွေကို ရွေးချယ်ဆင်မြန်းပါ။ ဖြစ်နိုင်ရင် နားကပ်ရော၊ ဆွဲကြိုး ၊ လက်စွပ် ၊ လက်ကောက် ရှိသမျှပြုံဝတ်တာမျိုး မလုပ်ဘဲ statement နားကပ်ခပ်ကြီးကြီး ဝတ်ထားရင် ဆွဲကြိုးမဝတ်တာမျိုး၊ လက်စွပ်လေးအများကြီးဝတ်ထားရင်း လက်ပတ်ကြိုးတွေ အများကြီး မဝတ်နဲ့ပေါ့နော်။ ဒါ့အပြင် အိတ်တွေ ဖိနပ်တွေရဲ့ အရောင်နဲ့ အဝတ်အစား outfit ရဲ့ အရောင်ကိုလည်း လိုက်ဖက်အောင် ရွေးချယ်ဆင်မြန်းဖို့လိုပါတယ်။
(၆) သွားခါနီးစိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို သတိပြုပါ။
အဝတ်အစားအတွက် အသေးအမွှားလေးတွေကအစ ဂရုစိုက်ပါ။ ကြေတွန့်နေတာမျိုး မဖြစ်အောင် မဝတ်ခင်ပြင်ဆင်ရမှာ ဖြစ်သလို အဝတ်အစားပေါ်က ပုလဲလုံးလေးတွေ၊ accessory လေးတွေ မငြိအောင် မပြုတ်အောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတလေ အင်္ကျီမှာ မိတ်ကပ်တွပေသွားတာ၊ နှုတ်ခမ်းနီပေသွားတာမျိုး မဖြစ်အောင် အဝတ်အစားဝတ်တဲ့အချိန် သတိထားရမှာပါ။
(၇) ကိုယ်နေဟန်ထားကလည်း အရေးကြီးပါတယ်။
အရေးအကြီးဆုံးက ကိုယ့်ရဲ့အဝတ်အစားကြောင့် ယုံကြည်မှုပိုသွားစေတာမျိုးဖြစ်ဖို့ လိုသလို သက်သောင့်သက်သာ ဖြစ်ဖို့ကလည်း အရေးပါပါတယ်။ နောက်တစ်ချက်က ပွဲမှာ ကိုယ်နေဟန်ထားကို သတိထားဖို့ပါ။ ကုန်းကုန်းကိုင်းကိုင်း ဖြစ်တာမျိုး၊ စီးလာတဲ့ ဒေါက်ကမြင့်တာမို့ ခြေချော်တာ ခွင်သွားတာမျိုးတွေ မဖြစ်အောင်တော့ သတိထားပါ။ ဒါ့ကြောင့် ကိုယ့်အတွက်အဆင်ပြေမယ့် အရာတွေထဲကသာ ရွေးပါ။ ဒေါက်မြင့်ကိုစစီးမှာဆိုရင်တော့ တစ်ပတ်လောက်အလိုကတည်းက အိမ်မှာအစီးကျင့်ဖို့ လိုပါတယ်ရှင်။
ဒီအချက်ကလေးတွေက ပွဲတက်ဖို့ပြင်ဆင်နေတဲ့ မဒီတွေအတွက် အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲအခမ်းအနားမှာ ကိုယ့်ဖက်ရှင်က အများနဲ့မတူ တမူထူးခြားနေပါစေလို့။