ကစားသမားရဲ့ ဖခင်က ပြန်လည်ဖောက်သည်ချခဲ့တာပါ။

ဂါနာကွင်းလယ်လူဟာ အမ်းမရိတ်စ်မှာ ကျောနံပါတ် ၅ ဝတ်ဆင်ကစားဖို့တောင် ရွေးချယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူသောမတ်စ်ပါတေးက အာဆင်နယ်အသင်းဟာ သူ့ကိုခေါ်ယူဖို့အတွက် ကလပ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သူ့ရဲ့ဖခင်ကို ဝန်ခံပြောဆိုခဲ့ကြောင်းသိရပါတယ်။ ပါတေးရဲ့ ဖခင်ဖြစ်သူ ဂျက်ကော့က Ghana Web ကို ပြောဆိုသွားခဲ့တာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

လာမယ့်နွေရာသီမှာ ပါတေးကို ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်က ကြိုးစားနေတာဖြစ်ပြီး အဆိုပါသတင်းတွေဟာ ကောလာဟလမဟုတ်ဘူးလို့ သားဖြစ်သူက ဝန်ခံခဲ့ကြောင်း ဂျက်ကော့က ပြောဆိုခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ပါတေးကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့စေချင်တယ်လို့ ဂျက်ကော့က ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

"ဒီကောလာဟလသတင်းတွေကို ကြားရပြီးနောက် သူ့ကိုခေါ်ပြီး ကျွန်တော်မေးခဲ့တော့ ကောလာဟလမဟုတ်ဘူး၊ အဲဒါအမှန်တကယ်ပဲလို့ သူပြန်ပြောခဲ့ပါတယ်၊ အက်သလက်တီကိုက သူ့အတွက် အာဆင်နယ်နဲ့ ဆွေးနွေးနေတယ်လို့လည်း သူပြောခဲ့ပါသေးတယ်၊ ဒါတွေအားလုံးကတော့ အက်သလက်တီကိုမက်ဒရစ်အပေါ်မှာပဲ မူတည်နေတာပါ"

"သူ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့ရင်လည်း ကောင်းပါတယ်၊ ဂါနာမှာ အာဆင်နယ်ကို အားပေးထောက်ခံတဲ့ ပရိသတ်တွေအများကြီးရှိပါတယ်၊ သူ အာဆင်နယ်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်လည်း ပျော်ရွှင်မိပါလိမ့်မယ်၊ အခုတော့ သူတို့ဆွေးနွေးနေကြပုံအရ အက်သလက်တီကိုက ပါတေးကို လက်လွှတ်မယ့်သဘောမှာရှိပါတယ်" လို့ ဂျက်ကော့က ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကတော့ ဘဏ္ဍာရေးပြသနာအနည်းငယ်နဲ့ ရင်ဆိုင်နေရတဲ့ အသင်းဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်အများအပြားကလည်း ပါတေးရောက်ရှိလာဖို့ မျှော်လင့်နေပြီး ဂါနာကွင်းလယ်လူဟာ အမ်းမရိတ်စ်မှာ ကျောနံပါတ် ၅ ဝတ်ဆင်ကစားဖို့တောင် ရွေးချယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က