မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နည်းပြဆာရီရဲ့ လူစားလဲလှယ်ဖို့ စေခိုင်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ဂိုးသမားကီပါဟာ ချက်ချင်းဆိုသလိုပဲ ချယ်လ်ဆီးပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။
နောက်ဆက်တွဲသတင်းများအရ ကီပါဟာ တစ်ပတ်တာလုပ်အားခကို ဒဏ်ငွေအဖြစ် ချမှတ်ခံခဲ့ရပြီး အသင်း၊ နည်းပြ နဲ့ အသင်းဖော်တွေကိုလည်း တောင်းပန်စကားဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ ကီပါဟာ ချယ်လ်ဆီးပရိသတ်တစ်ဦးရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာ ကီပါက အဂူရိုရဲ့ ပယ်နယ်တီကန်သွင်းမှုကို တားဆီးကာကွယ်ပေးနိုင်ခဲ့ပေမယ့်လည်း ဂျော်ဂျင်ဟို၊ ဒေးဗစ်လုဇ်တို့ ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် ချယ်လ်ဆီးဟာ အရေးနိမ့်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ချယ်လ်ဆီးပရိသတ်တစ်ဦးဟာ ချယ်လ်ဆီးအသင်းသားအားလုံးကို လက်ဆွဲနှုတ်ဆက်ကာ အားပေးခဲ့ပေမယ့် ကီပါကိုတော့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိပဲ ရှောင်လွှဲခဲ့တဲ့ ရုပ်သံဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ နည်းပြရဲ့ ညွှန်ကြားချက်အပေါ်မှာ လေးစားမှုမရှိဘူးလို့
ယူဆခဲ့ပြီးတော့ ကီပါကို လက်ဆွဲနှုတ်ဆက်ဖို့အတွက် အဆိုပါပရိသတ်က ရှောင်လွှဲခဲ့တာဖြစ်မယ်လို့လည်း ယူဆရကြောင်း Sportbible က ဖော်ပြသွားခဲ့ပါတယ်။
ကီပါအတွက်တော့ ဒီဖြစ်ရပ်ဟာ ကွင်းအတွင်းမှာလည်း အသင်းကို အရှက်ရစေခဲ့သလို ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း ချက်ချင်းဆိုသလို ပြန်လည်ရရှိခဲ့လို့ နောင်တရစရာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာ ကီပါက သူ့အနေနဲ့ အမှားအယွင်းကြိးတစ်ခုကို ကျူးလွန်မိခဲ့သလို ခံစားရမိတယ်လို့ ပြောကြားခဲ့ပါတယ်။
"မန်စီးတီးနဲ့ပွဲက ဖြစ်ရပ်အတွက် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်၊ နည်းပြ၊ အသင်းဖော်တွေ နဲ့ ကလပ်အသင်းကိုလည်း တောင်းပန်ပါတယ်၊ ပြီးတော့ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်၊ ကျွန်တော် ဒီပွဲကနေ အများကြီး သင်ခန်းစာရခဲ့ပြီး အသင်းက ပေးမယ့် ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆို လက်ခံသွားမှာပါ" လို့လည်း ကီပါက ပြောကြားခဲ့ပါသေးတယ်။