ပြိုင်ပွဲမှာ ပေးအပ်တဲ့ ပထမဆု ရူပီး ၇ သိန်း၊ အသန့်ရှင်းဆုံးအသင်းဆု ရူပီး ၃ သိန်းနဲ့ အခု ပေးအပ်ချီးမြှင့်တဲ့ မြန်မာငွေ သိန်း ၅၅၀ အားလုံးပေါင်း မြန်မာငွေ သိန်းပေါင်း ခုနှစ်ရာ့ခြောက်ဆယ်ကျော် ရရှိခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အိန္ဒိယနိုင်ငံက ဖိတ်ခေါ်ကျင်းပခဲ့တဲ့ Hero Gold Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက အာဆီယံ ချန်ပီယံရှစ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သြဂုတ်လအတွင်းကစားမယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ပစ်မှတ်ထားပြီး ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ နည်းပြချုပ် ဦးဝင်းသူမိုးက ပြောပါတယ်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို MFF နာယက နဲ့ KBZ BANK နာယကမှ သိန်း ၂၀၀၊ MFF ဥက္ကဌနဲ့AYA BANK Chairman မှ သိန်း ၂၀၀၊ အမျိုးသမီး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များမှ သိန်း ၁၀၀နဲ့ ဦးထွန်းနှင့်မမို့(Poe Poe Car Company မှ သိန်း ၅၀ စုစုပေါင်း သိန်း ၅၅၀ ကို ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါ တယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့လို့ ပထမဆု အိန္ဒိယ ရူပီး ၇ သိန်း ကို ရရှိခဲ့သလို ပြိုင်ပွဲတလျှောက် အသန့်ရှင်းဆုံးဆုအဖြစ်လည်း ရူပီး ၃ သိန်း ထပ်မံရရှိခဲ့ပါတယ်။ လာမယ့် ဧပြီလမှာတော့ ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကို အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းတို့နဲ့ ဆက်လက် ကစားရဖို့ရှိနေပါတယ်။