မြန်မာကားနဲ့တောင် မတူတဲ့ မြန်မာကားနော်။

သရဲကားမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက မကြာမီ ရုံတင်ပြသတော့မှာပါ။ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး မြန်မာနိုင်ငံက နာမည်ကြီးမင်းသား၊ မင်းသမီးတွေ ပါဝင်ထားတဲ့ အဲ့ဒီဇာတ်ကားဟာ နိုင်ငံခြားကားလို့တောင် ထင်ရလောက်အောင် ပရိသတ်တွေရဲ့ မှတ်ချက်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။

Photo : လိပ်ပြာစံအိမ် FB

သရဲကားတစ်ကားဖြစ်တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီ(၃၁) ရက်နေ့ ညက ရန်ကုန်မြို့၊ Junction City JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။Press show နေ့က ထူးထူးခြားခြား ရုပ်ရှင် ပြနေချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေ သရဲခြောက်တာ ခံလိုက်ရပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရဲမနဲ့ ကလေးလေးတွေက ဇာတ်ကားထဲကအတိုင်း သရဲပုံစံ မိတ်ကပ်တွေ လိမ်းပြီး လာကြည့်တဲ့ ပရိသတ်တွေကို အပျော်သဘောမျိုးနဲ့ လိုက်ခြောက်ခဲ့တာ ဖြစ်ပါတယ်။

"ဇာတ်ကားကြည့်နေတဲ့ အချိန်မှာ ခြောက်တာ မဟုတ်ဘူး။ ဇာတ်ကားမပြသေးခင် ရုံထဲဝင်တဲ့အချိန်မှာ ကလေးတွေက အရင်ခြောက်တာ။ ပြီးတော့မှ သရဲမလို ဝတ်ထားတဲ့ သူက လိုက်ခြောက်တာ။ ရုတ်တရက်ဆိုတော့ လန့်သွားကြတယ်။ တချို့ကျတော့လည်း မကြောက်ဘူး။ တချို့ကျတော့လည်း ကြောက်တယ်။ ညီမကတော့ လန့်သွားတယ်။” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Duwun မီဒီယာက သတင်းထောက်က ဆိုပါတယ်။ 

Photo : လိပ်ပြာစံအိမ် FB

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေ ကြည့်နေကျ မြန်မာသရဲကား တစ်ကားလိုမဟုတ်ဘဲ နိုင်ငံခြားကား သရဲကား တစ်ကားကြည့်နေရသလို ခံစားရမှာပါ။ အသံ၊ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယဉ်မှု၊ ကင်မရာ ရိုက်ချက်တွေက မြန်မာပရိသတ်တွေ မြင်နေကျ ပုံစံမျိုးကို မဟုတ်ဘဲ လုံးဝ ကွဲထွက်ကာ ပရိသတ်တွေကို ဆွဲဆောင်သွားစေမှာပါ။

ပရိသတ်တွေ မကြောက်မှာတောင် စိုးရိမ်ခဲ့ရတာကို ပါဝင် သရုပ်ဆောင်ထားတဲ့ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

“ဒီဇာတ်ကားအတွက ်ပီတိဖြစ်မှုကတော့ ကျွန်တော်ရော မကစ်ရောပေ့ါ။ကြည့်နေရင်းနဲ့ အားလုံး ကြောက်ပ့ါမလားလို့ စိုးရိမ်ခဲ့ရတယ်။ နှစ်ယောက်စလုံး ဇာတ်ကားကြည့်ရင်း ပြောနေတာ ။ ဒါပေမဲ့ အားလုံးရဲ့ အော်သံကြားလိုက်တဲ့အချိန်မှာ ကျွန်တော်တို့အတွက် ပီတိဖြစ်တယ်။ အားလုံးကို စိတ်ဒုက္ခရောက်စေချင်လို့ မဟုတ်ဘူး။ “ လို့ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်က ဇန်နဝါရီ (၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ “လိပ်ပြာစံအိမ်” အထူးပွဲနေ့က မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးက မကြာမီ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ယင်းရုပ်ရှင်ဇာတ်ကားကို “From Bangkok to Mandalay “ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ထိုင်းဒါရိုက်တာက ပုံဖော်ထားတာ ဖြစ်ပြီး နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်၊ ဒေါင်းနဲ့ ကလေးသရုပ်ဆောင်တွေ ဖြစ်တဲ့ ပြည့်ပြည့်၊ တုန်တုန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : လိပ်ပြာစံအိမ် FB

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ရေနံချောင်းမြို့ ကိုလိုနီခေတ်အိမ်အိုကြီးတစ်လုံးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ခါကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်သွားမယ့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ(၈) ရက်နေ့က စပြီး JCGV ၊ MEGA ACE ရုပ်ရှင်ရုံတို့မှာ ရုံတင်ပြသသွားမှာ ဖြစ်သလို ဒီရုပ်ရှင်ဇာတ်ကားကြီးကို အကြိုခံစားချင်တဲ့သူတွေအတွက် ဖေဖော်ဝါရီ(၁) ရက်နေ့ကနေ (၆)ရက်နေ့အထိ အကြိုပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က