ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ်နဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ အနည်းငယ်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ဟယ်ရီမက်ဂွိုင်းယားက ပရိသတ်တွေအနေနဲ့ သူ့ခြေစွမ်းကို အချိန်ယူစောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြဖို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ်နဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ အနည်းငယ်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်က ရလဒ်တွေဆိုးဝါးနေခဲ့ပြီး နယူးကာဆယ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာဟနေတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက အသင်းအနေနဲ့ ရေရှည်မှာ တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်မဂ္ဂဇင်းဖြစ်တဲ့ Inside United ကတဆင့် မက်ဂွိုင်းယားက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
"ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်လောက် စောင့်ကြည့်ပြီးမှ ကျွန်တော့်ကို ဆုံးဖြတ်စေချင်ပါတယ်၊ ကျွန်တော်ကတော့ အောင်မြင်မယ်လို့ တကယ်ယုံကြည်ပါတယ်၊ အောင်မြင်မှုတွေကို ကျွန်တော်ရရှိမှာဖြစ်ပြီး ဒီအသင်းမှာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့အချိန်တွေ အများကြီးရှိမယ်ဆိုတာလည်း သေချာပါတယ်၊ အသင်းတစ်သင်းအနေနဲ့ တိုးတက်လာဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်"
"ကျွန်တော်တစ်ဦးတည်းတိုးတက်လာဖို့ လိုအပ်နေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ အောင်မြင်တွေ၊ တိုးတက်မှုတွေရှိလာမယ်ဆိုတာကိုလည်း ခံစားမိပါတယ်" လို့ မက်ဂွိုင်းယားက ပြောဆိုခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲတိုင်းကို ပွဲချိန်ပြည့်ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။
သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးတော့လည်း မက်ဂွိုင်းယားက "အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး၊ လက်စတာက ကျွန်တော့်ကို ထိန်းသိမ်းထားချင်ခဲ့တာပါ၊ လက်စတာက ကောင်းမွန်တဲ့ အသင်းတစ်သင်းအနေအထားမှာ ရှိနေပါတယ်၊ ယူနိုက်တက်က ကျွန်တော့်ကို ဝယ်ယူချင်ခဲ့ပြီးနောက်မှာ သူတို့သဘောတူညီမှုရရှိခဲ့ပါတယ်၊ ဒါက နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ သဘောတူညီမှုဖြစ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါသေးတယ်။