The Rock ကတော့ UFC ဖိုက်တာတဦးကို မျက်ရည်ကျတဲအထိဖြစ်အောင်ကို လုပ်ပြသွားခဲ့ပါတယ်။ သူဟာ ဇင်ဘာဘွေဖိုက်တာတဦးကို မိုင်ယာမီမှာ သွားရောက်တွေ့ဆုံခဲ့ပြီး အံ့အားသင့်အောင် လုပ်ခဲ့တာပါ။ ဂိုရမ်ဘိုဆိုတဲ့ ဖိုက်တာဖြစ်ကာ အခုမှ ထိုးသတ်ခါစ MMA သမားတဦးလည်းဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ ဂိုရမ်ဘိုက သူ့ရဲ့ ပွဲဦးထွက်ပွဲကို ထိုးသတ်ခဲ့ပြီး အေဂျေဖလက်ချာကို အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မေလအတွင်းကတော့ သူဟာ တာကာရှီဆာတိုဆိုတဲ့ ဂျပန်ဖိုက်တာကို အနိုင်ယူကာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာပါ။
သူ့ရဲ့ ပထမဆုံးနိုင်ပွဲအပြီးမှာ ဂိုရမ်ဘိုက သူ့ဘ၀အကြောင်းကို ဖွင့်ဟခဲ့ပြီး ဒီနိုင်ပွဲမတိုင်ခင် သူ့ဘဏ်အကောင့်ထဲမှာ ၇ ဒေါ်လာပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် သူ့ဇာတိရွာက လူတွေ ရေသန့်ရဖို့အတွက် သူ အသုံးပြုနေတဲ့ ထိုးသတ်ပစ္စည်းကိရိယာတွေကို အွန်လိုင်းက ရောင်းချခဲ့ရာမှာ ဒေါ်လာ ၇ ထောင်ရခဲ့ပြီး အဆိုပါငွေနဲ့ Bush Pump ဝယ်ပေးခဲ့တဲ့အကြောင်းကို ပြောပြခဲ့တာပါ။
ဒီအကြောင်းကို လူတော်တော်များများက စိတ်ဝင်စားခဲ့ပြီး သူ့ကို MMA အသိုင်းအဝိုင်းက ကူညီဖို့အတွက် အာရုံစိုက်ခဲ့ပါတယ်။ The Rock ကလည်း ဒီအကြောင်းကို သူ ကြားသိပြီးနောက်မှာ တွေ့ဆုံချင်စိတ်ပေါ်လာခဲ့လို့ အံ့အားသင့်အောင် သွားခဲ့တာလို့ သူ့ရဲ့တွစ်တာကတဆင့် ပြောဆိုခဲ့ပါတယ်။
"သူက ၇ ဒေါ်လာပဲ သူ့မှာရှိတာတောင် သူ့ရွာအတွက် လုပ်ပေးခဲ့တာပါ၊ ပြီးတော့ သူ အားကစားရုံက ဆိုဖာပေါ်မှာပဲ အိပ်နေရတယ်၊ ကျနော့်ကို သူ ဘာမှမမေးခဲ့ပါဘူး၊ ဒါပေမယ့် သူ့ကို ကျနာ်ကူညီချင်တယ်၊ ပြီးတော့ သူနဲ့ပတ်သက်ပြီး ခံစားရတယ်၊ အရမ်းကောင်းတယ်၊ အရမ်းထူးခြားတဲ့ နေ့ပါ" လို့ သူက ရေးသားခဲ့ပါတယ်။
ဂိုဘိုရမ်ဟာ မမျှော်လင့်ဘဲ The Rock ကြီးက သူ့ကိုလာတွေ့ခဲ့တာကို မျက်ရည်ကျတဲ့အထိ ခံစားခဲ့ရပါတယ်။ အင်တာဗျူးလုပ်နေချိန် နောက်မှာ ရောက်နေတာကို မသိခဲ့ဘဲ လှည့်ကြည့်မိချိန်မှာ အစောပိုင်း ကြောင်အမ်းအမ်းဖြစ်ပြီးမှ The Rock မှန်းသိကာ သူ ပျော်ရွှင်နေခဲ့ပါတယ်။