Navalny ရဲ့ သွေးနမူနာကို ဂျာမန်စစ်ဘက်ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဘာလင်မြို့ရှိ Charite ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင်အဖြစ် ထင်ရှားသူ Alexei Navalny ဟာ ၎င်းကိုသတ်ရန် ကြိုးပမ်းမှုတစ်ခုအတွင်း အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်သင့်ခဲ့တာဖြစ်ကြောင်း ဂျာမနီအဓိပတိ အန်ဂျလာမာကယ်က စက်တင်ဘာ ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(ရုရှားအတိုက်အခံခေါင်းဆောင်Navalny) (Photo: Dimitar Dilkoff/AFP/Getty Images)

Navalny အဆိပ်ခတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားအစိုးရကိုယ်တိုင်း ရှင်းပြလိမ့်မယ်လို့ မျှော်လင့်ပြီး ဂျာမနီက NATO အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့ ယခုကိစ္စအပေါ် မည်သို့တုံ့ပြန်ရန် ဆွေးနွေးတိုင်ပင်မယ်လို့ မာကယ်က ဆိုပါတယ်။



Navalny ရဲ့ သွေးနမူနာကို ဂျာမန်စစ်ဘက်ဓာတ်ခွဲခန်းမှာ အဆိပ်သင့်ပစ္စည်းပါဝင်မှု ဓာတ်ခွဲစစ်ဆေးချက်တွေအရ ရုရှားအတိုက်အခံခေါင်းဆောင်ဟာ Novichok အဆိပ်ခတ်ခံခဲ့ရကြောင်း တိကျတဲ့ သက်သေအထောက်အထား တွေ့ရှိခဲ့ရတယ်လို့ ဂျာမနီအစိုးရ ပြောခွင့်ရအမျိုးသား Steffen Seibert က အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။ 

(မာကယ်နှင့် ရုရှားသမ္မတပူတင်) (Photo: John Macdougall/AFP)

"Alexei Navalny ဟာ ရုရှားမှာ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံမှုက ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခုပါပဲ၊ ဂျာမန်အစိုးရက စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ဝင် မဟာမိတ်တွေထံ အကြောင်းကြားသွားပါမယ်" လို့ Steffen Seibert က ဆိုပါတယ်။

Navalny အဆိပ်သင့်ခဲ့မှု ဖြစ်ရပ်

ရုရှားသမ္မတကို အပြင်းထန်ဆုံး ဝေဖန်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် Navalny ဟာ ဩဂုတ် ၂၀ ရက်နေ့မှာ ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုမာဝင် (သတိမေ့မြော) သွားခဲ့ပါတယ်။ ထို့နောက် ၎င်းကို ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ လေယာဥ်ဖြင့်ခေါ်ဆောင်လာခဲ့ပြီး ဆေးကုသပေးနေပါတယ်။

Navalny ဟာ သမ္မတပူတင်ရဲ့ အမိန့်အရ အဆိပ်ခတ်ခံခဲ့ကြောင်း ၎င်းရဲ့အဖွဲ့က ပြောဆိုခဲ့ပါတယ်။ လေဆိပ်ကော်ဖီဆိုင်တစ်ဆိုင်မှာ Navalny ရဲ့ လက်ဖက်ရည်ထဲသို့ တစ်စုံတစ်ခုထည့်လိုက်တယ်လို့ ၎င်းရဲ့အဖွဲ့က ကနဦးကတည်းက သံသယရှိထားခဲ့ကြပါတယ်။ ရုရှားအစိုးရက‌တော့ ထိုသို့ စွပ်စွဲပြောဆိုမှုကို ပယ်ချထားခဲ့ပါတယ်။ ဂျာမန်ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက Navalny ဟာ အဆိပ်မိခဲ့ကြောင်း အလောတကြီး ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။

ပူတင်ကို ဝေဖန်သူ Navalny

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူလည်းဖြစ်တဲ့ Navalny ဟာ ရုရှားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မှုကို အာဏာသိမ်းမှုနဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုအဖြစ် ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ဆန္ဒမဲပေးပွဲဖြင့် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအရ သမ္မတပူတင်ကို နောက်ထပ် သမ္မတသက်တမ်းနှစ်ကြိမ် ဆက်လက် ဆောင်ရွက်ခွင့်ရစေမှာ ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ပူတင်ဟာ ရုရှားသမ္မတအဖြစ် သက်တမ်းလေးကြိမ် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ 

ဗြိတိန်မှာဖြစ်ခဲ့တဲ့ Novichok အဆိပ်ဖြင့် တိုက်ခိုက်မှု

၂၀၁၈ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ ၎င်းရဲ့သမီးတို့ အဆိပ်ခတ်ခံရမှုမှာလည်း Novichok အာရုံကြောအဆိပ်ကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

(Sergei Skripal သားအဖ) (Photo: Telegraph)

ထိုစဥ်က Sergei Skripal နဲ့ ၎င်းရဲ့သမီးတို့ အသက်ရှင်ခဲ့ပြီး Novichok အဆိပ်သင့်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် Dawn Sturgess အမည်ရှိ နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ Sergei Skripal သားအဖကို အဆိပ်ခတ်ခဲ့သူတွေအဖြစ် ဗြိတိန်က ရုရှားစစ်ထောက်လှမ်းနှစ်ဦးကို သံသယရှိသူတွေအဖြစ် ဖော်ထုတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Novichok အာရုံကြောအဆိပ်

အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်ကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားတို့က ထုတ်လုပ်ခဲ့ကြပါတယ်။ Novichok ဟာ အခြား အာရုံကြောအဆိပ်များကဲ့သို့ပင် တူညီတဲ့ သက်ရောက်များရှိပြီး အာရုံကြောများမှ ကြွက်သားများထံ ဆက်သွယ်မှုကို ဟန့်တားပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု အများအပြား ပျက်ယွင်းမှုဖြစ်စေပါတယ်။

(အဆိပ်မိသေဆုံးခဲ့သည့် Dawn Sturgess) (Photo: NY Times)

Novichok အဆိပ်ကို အရည်နဲ့ အစိုင်အခဲ ပုံစံနှစ်မျိုးလုံးတွေ့နိုင်ရာ ထိုအဆိပ်ဟာ အလွန်သေးငယ်တဲ့ အမှုန့်လေးများအဖြစ် ပြန့်ကျဲနေနိုင်ကြောင်း သိရပါတယ်။ Novichok ကို အခြား ဓာတုလက်နက်တွေထက် ပိုမိုအဆိပ်သင့်မှုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားရာ အချို့ အမျိုးအစားတွေဟာ ထိခိုက်မှုမြန်ဆန်ပြီး စက္ကန့် ၃၀ မှ ၂ မိနစ်အတွင်း အဆိပ်သင့်နိုင်ပါတယ်။

Source: The Guardian, BBC, CNA, Sky News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က