Navalny ဟာ လေဆိပ်ကိုသွားရန် ဟိုတယ်အခန်းမှ မထွက်ခွာမီ အဆိပ်မိသွားခဲ့တယ်လို့ ၎င်းရဲ့အဖွဲ့က ဆိုပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို အဆိပ်ခတ်ရာမှာ အသုံးပြုခဲ့တဲ့ အာရုံကြောအဆိပ်ကို အဆိပ်ခတ်မခံရမီ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းတွင်းရှိ ရေသန့်ဘူးတစ်ဘူးပေါ်မှာ တွေ့ရှိခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က ပြောပါတယ်။

(Photo: @Navalny/IG)

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူလည်းဖြစ်တဲ့ Navalny ဟာ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဟာ ကိုမာဝင် (သတိမေ့မြော) သွားကြောင်း ဆရာဝန်တွေက ပြောပါတယ်။



ယခင်က Navalny ဟာ လေဆိပ်ကော်ဖီဆိုင်တစ်ဆိုင်မှာ အဆိပ်ခတ်ခံခဲ့ရတယ်လို့ ယူဆထားခဲ့ကြ ဖြစ်ပါတယ်။ အဆိပ်ခတ်ခံရပြီး ကိုမာဝင်သွားခဲ့တဲ့ Navalny ကို ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charite ဆေးရုံသို့ ရွှေ့ပြောင်းကုသခဲ့ရာ ယခုအခါ သတိပြန်ရနေပြီလို့ သိရပါတယ်။ Navalny ဟာ လေဆိပ်ကိုသွားရန် ဟိုတယ်အခန်းမှ မထွက်ခွာမီ အဆိပ်မိသွားခဲ့တယ်လို့ ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ ပို့စ်တစ်ခုက ပြောထားပါတယ်။

(Photo: Reuters)

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ Navalny ဟာ ရုရှားမှာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ၎င်းရဲ့အဖွဲ့ကတော့ Navalny ကို အဆိပ်ခတ်လုပ်ကြံရန် သမ္မတပူတင်က ညွှန်ကြားခဲ့တာဖြစ်ကြောင်း စွပ်စွဲထားပါတယ်။ ရုရှားအစိုးရကတော့ ထိုစွပ်စွဲမှုကို ငြင်းဆိုထားပြီး ယခုဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနဲ့ Novichok အာရုံကြောအဆိပ်ကို အသုံးပြုခဲ့ကြောင်း အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

Navalny ရဲ့ အင်စတာဂရမ်မှာ ယနေ့ (စက်တင်ဘာ ၁၅ ရက်) က လွှင်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ Navalny အဆိပ်ခတ်ခံရတဲ သတင်းထွက်ပေါ်လာပြီးနောက် ၎င်းရဲ့အဖွဲ့က Tomsk မြို့ရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သက်သေပစ္စည်းများကို စုဆောင်းသိမ်းဆည်းနေခဲ့တာ တွေ့ရပါတယ်။ ရုရှားအာဏာပိုင်တွေကို မယုံကြည်တာကြောင့် ဟိုတယ်ခန်းထဲမှ သက်သေပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းပြီး ဂျာမနီရှိ ဆေးဘက်ဆိုင်အဖွဲ့ထံ့ ပေးပို့ရန်ဖြစ်တယ်လို့ အဆိုပါ အင်စတာဂရမ်ပို့စ်မှာ ပြောထားပါတယ်။ အင်စတာဂရမ်ဗီဒီယိုမှာ ရေသန့်ဘူးငယ်တွေကိုလည်း မြင်တွေ့ရပါတယ်။

(Photo: Valery Melnikov/Sputnik)

ဂျာမန်ဓာတ်ခွဲခန်းတစ်ခုမှာ စစ်ဆေးမှုအရ Tomsk မြို့ရှိ ဟိုတယ်ခန်းထဲမှ ရေသန့်ဘူးပေါ်မှာ Novichok အာရုံကြောအဆိပ်ကို တွေ့ခဲ့ရတယ်လို့ အင်စတာဂရမ်ဗီဒီယိုပို့စ်မှာ ပြောထားပါတယ်။ ဂျာမန်အာဏာပိုင်တွေကတော့ ထိုသို့ တွေ့ရှိခဲ့ရကြောင်း Navalny ရဲ့အဖွဲ့က ပြောကြားမှုအပေါ် မှတ်ချက်တစုံတရာ မပေးခဲ့သေးကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ယခု သီတင်းပတ်အစောပိုင်းက Navalny ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ ၎င်းဟာ အသက်ရှူအကူစက်မပါဘဲ အသက်ရှူနိုင်ပြီလို့ ပြောထားပါတယ်။ အဆိပ်ခတ်ခံရတဲ့ Navalny ဟာ ရုရှားနိုင်ငံကိုပြန်ရန် ရည်ရွယ်ထားကြောင်း ၎င်းရဲ့ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

(Photo: EPA)

Navalny ဟာ ရုရှားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မှုကို အာဏာသိမ်းမှုနဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုအဖြစ် ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ဆန္ဒမဲပေးပွဲဖြင့် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအရ သမ္မတပူတင်ကို နောက်ထပ် သမ္မတသက်တမ်းနှစ်ကြိမ် ဆက်လက် ဆောင်ရွက်ခွင့်ရစေမှာ ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ပူတင်ဟာ ရုရှားသမ္မတအဖြစ် သက်တမ်းလေးကြိမ် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ 

.



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က