SoftBank ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းဟောင်းတစ်ဦးကို ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ခိုးယူပြီး ရုရှားအာဏာပိုင်တွေဆီ ပေးပို့မှုနဲ့ ဂျပန်ရဲတပ်ဖွဲ့ဟာ ဖမ်းဆီးခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ် ယူတာကာအာရာကီဆိုသူကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က SoftBank ရဲ့ ကွန်ပျူတာဆာဗာတစ်ခုထဲ တရားမဝင် ဝင်ရောက်မှုနဲ့ သံသယရှိထားသလို ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူမှု နှစ်ခုမှာလည်း ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အာရာကီဟာ SoftBank ရဲ့ ကော်ပိုရိတ်လျှို့ဝှက်ချက် အများအပြားကို ရုရှားအာဏာပိုင်တွေဆီ ပေးပို့ခဲ့တယ်လို့ ပါရှိပါတယ်။
Photo: Japan Today
SoftBank Group ကော်ပိုရေးရှင်းရဲ့ ဌာနတစ်ခုဖြစ်တဲ့ SoftBank ရဲ့ အခိုးခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ မိုဘိုင်းဖုန်းအခြေစိုက် စခန်းနဲ့ တစ်ခြား ဆက်သွယ်ရေးအဆောက်အဦများအတွက် လက်စွဲစာအုပ် manuals များနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ SoftBank ဟာ အာရာကီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က အလုပ်မှ ထုတ်ပယ်ခဲ့ပါတယ်။
စစ်မေးချက်မှာလည်း အာရာကီဟာ အပိုဝင်ငွေရအောင်လို့ အချက်အလက် ခိုးယူမှု လုပ်ခဲ့တာလို့ ဝန်ခံထားပါတယ်။ အာရာကီဟာ ရုရှားဘက်ကို ယွမ်နဲ့ ချီတဲ့ ငွေတောင်းပြီး သတင်းအချက်အလက် ပေးခဲ့တာလို့ ဆိုပါတယ်။ အာရာကီနဲ့အတူ သူလျှိုလုပ်မှုမှာ တိုကျိုက ရုရှားကုန်သွယ်မှုအာဏာပိုင်များ ပါဝင်နိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိထားပြီး ရုရှားသံရုံးကိုလည်း အမှုတွဲမှာ ပါခဲ့ဖွယ်ရှိတဲ့ ရုရှားနှစ်ဦး လွှဲပေးဖို့ တောင်းဆိုထားပါတ ယ်။
အမှုစုံစမ်းစစ်ဆေးရာမှာ ပူးပေါင်း လုပ်ဆောင်နေကြောင်း SoftBank မှ ထုတ်ပြန်ထားပြီး ဖောက်သည်များရဲ့ ကိုယ်ရေးအချက်အလက်နဲ့ တစ်ခြား ဆက်သွယ်ရေးပိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။