မော်စကိုမြို့လယ်ရှိ ရုရှားနိုင်ငံရဲ့ ဖက်ဒရယ်လုံခြုံရေးဌာနချုပ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ ကနဦး သတင်းတွေအရ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အခြား လူငါးဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်မှာ သေနတ်သမားက Federal Security Service (FSB) ဌာနချုပ် အဆောက်အအုံအနီး ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ကြောင်းနဲ့ ၎င်းကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး မည်သူဖြစ်ကြောင်း ဖော်ထုတ်နေတယ်လို့ ရုရှားသတင်းဌာန INTERFAX ထံ လုံခြုံရေးအရာရှိတွေက အတည်ပြုခဲ့ပါတယ်။
(Photo: Shamil Zhumatov/Reuters)
ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေရဲ့ ပြောကြားမှုအရ ပစ်ခတ်မှုအတွင်း FSB အမှုထမ်းနှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်းလည်း သိရပါတယ်။ သေနတ်သမားက ကလက်ရှ်နီကော့ဗ် ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း RBC သတင်းဝက်ဘ်ဆိုက်က ပြောပါတယ်။ ယခုပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မော်စကိုမြို့ခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများပြားတဲ့ ကရင်မလင် (Kremlin) နေရာနဲ့ မဝေးကွာလှဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဟာ FSB အထိမ်းအမှတ်ပွဲ ကျင်းပတဲ့ရက်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းရဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် ပစ်ခတ်မှုဟာ ထိုပွဲအခမ်းအနားတွေနဲ့ ဆက်စပ်နိုင်ဖွယ်ရှိကြောင်း တရားဝင် အတည်ပြုမှုတွေ မရှိသေးပါဘူး။
(Photo: AFP/Getty Images)
ရုရှားမီဒီယာတွေက နောက်ဆက်တွဲ ဖော်ပြမှုအရ FSB ဌာနချုပ်အနီး ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ မော်စကိုမြို့အနီးရှိ မြို့ငယ်တစ်ခုမှာ နေထိုင်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး သေနတ်ပစ်ဝါသနာပါသူဖြစ်ကာ မော်စကိုမြို့တောင်ဘက်ရှိ Podolsk မြို့မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။