COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်ခံရသူ တစ်သောင်းနီးပါးအထိ တိုးလာခဲ့ကြောင်း သိရပါတယ်။
(Photo: Anadolu)
စနေနေ့ (မေ ၂ ရက်) က ထုတ်ပြန်တဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉,၆၂၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ထိုအရေအတွက်ဟာ ရုရှားမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှ လက်ရှိအချိန်အထိ နေ့စဥ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု အများဆုံးအဖြစ်လည်း စံချိန်သစ်တင်ခဲ့ပါတယ်။
ယခုအခါ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၂၄,၀၅၄ ဦးရှိလာပြီး အများစုဟာ မော်စကိုမြို့တော်မှာ ဖြစ်ပါတယ်။ ရုရှားမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်လည်း နောက်ထပ် ၅၇ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၁,၂၂၂ ဦးရှိလာကြောင်း ကပ်ရောဂါကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေးဗဟိုဌာနက ယမန်နေ့မှာ ပြောပါတယ်။
(Photo: Sputnik)
တစ်ရက်အတွင်း ကူးစက်ခံရသူများ စံချိန်တင် တိုးလာခဲ့တာကြောင့် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာနိုင်မှုအပေါ် မော်စကိုမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ မေ ၂ ရက်နေ့က ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ သောကြာနေ့ (မေ ၁ ရက်) ကထက် ၂၀ ရာခိုင်နှုန်းအထိ ပိုများခဲ့တာလည်း ဖြစ်ပါတယ်။
မေ ၁ ရက်နေ့ကလည်း ရုရှားမှာ COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အများဆုံးအဖြစ် စံချိန်တင်ခဲ့သေးကြောင်း သိရပါတယ်။ ရုရှားမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown အစီအမံတွေ ဆောင်ရွက်နေပေမဲ့ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေခဲ့ပါတယ်။ မော်စကိုမြို့တော်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာဖြစ်ပြီး ကူးစက်ခံရသူ ၆၂,၆၀၀ အထိ တွေ့ရှိထားပြီး တစ်နိုင်ငံလုံး စုစုပေါင်းအရေအတွက်ရဲ့ ထက်ဝက်ခန့်လည်း ဖြစ်ပါတယ်။
(Photo: Alexander Zemlianichenko/AP)
ရုရှားမှာ lockdown လုပ်ထားမှုအရ အများပြည်သူအနေနဲ့ ဈေးဝယ်ရန်၊ ၎င်းတို့ရဲ့ ခွေးများနဲ့အတူ လမ်းလျှောက်ထွက်ရန်နဲ့ အမှိုက်စွန့်ပစ်ရန်အတွက်သာ နေအိမ်ပြင်ပ သွားလာခွင့်ပြုထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်မှုများ လာမယ့် မေ ၁၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။
အမေရိကန်၊ အီတလီနဲ့ စပိန်တို့နဲ့ နှိုင်းယှဥ်ပါက ရုရှားမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် နည်းနေသေးပေမဲ့ လက်ရှိအချိန်အထိ ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ် သို့မဟုတ် အဆိုးဆုံးအခြေအနေကို မရောက်သေးဘူးလို့ ဆိုပါတယ်။ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအနက် ဝန်ကြီးချုပ် မစ်ခေးလ်မစ်ဟူစတင်လည်း ပါဝင်ခဲ့ပါတယ်။
(Photo: Sputnik)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကပ်ရောဂါကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၂၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ မေ ၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၃ သန်းကျော် (၃,၄၇၂,၅၀၆ ဦး) အထိရှိလာခဲ့ပြီး ကူးစက်ခံရသူတွေအနက် ၁ သန်းကျော် (၁,၁၀၄,၆၃၉ ဦး) ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။