COVID-19 ကူးစက်မှုတွေ လတ်တလော မြင့်တက်ဖြစ်ပွားနေတဲ့ ရုရှားနိုင်ငံမှာ ဝန်ကြီးချုပ် မစ်ခေးလ်မစ်ဟူစတင် (Mikhail Mishustin) ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Alexei Druzhinin/TASS)
Russia ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့တဲ့ သမ္မတဗလာဒီမာပူတင်နဲ့ ဗီဒီယိုဖြင့် ဆက်သွယ်ပြောကြားမှုအတွင်း ၎င်းထံမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့တာ တွေ့ရပါတယ်။ မစ်ခေးလ်ဟာ ယခုနှစ် ဇန်နဝါရီလမှာ ရုရှားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အစိုးရရဲ့ လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်မှုမှာ ပါဝင်ဆောင်ရွက်နေပါတယ်။
"ကျွန်တော် ဗိုင်းရပ်စ်စစ်ဆေးမှုအဖြေကို အခုပဲ သိရတယ်၊ ပေါ့စတစ်ပါ" လို့ ဝန်ကြီးချုပ်က သမ္မတပူတင်ကို ပြောခဲ့ပါတယ်။ COVID-19 ကြောင့် ဆေးရုံတက်နေရစဥ် ၎င်းရဲ့ ဝန်ကြီးချုပ်နေရာကို ပထမလက်ထောက်ဝန်ကြီးချုပ် Andrei Belousov က တာဝန်ယူသင့်ကြောင်း Mikhail Mishustin က အဆိုပြုခဲ့ရာ သမ္မတပူတင်က သဘောတူခဲ့ကြောင်း သိရပါတယ်။
"ခင်ဗျား ဖြစ်နေသလိုမျိုး လူတိုင်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော် ဒါကို အမြဲပြောပါတယ်၊ ခင်ဗျားက အရမ်းတက်ကြွတဲ့ပုဂ္ဂိုလ်ပါ၊ ခင်ဗျား လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်" လို့ သမ္မတပူတင်က ပြောပါတယ်။ ဝန်ကြီးချုပ်မစ်ခေးလ်ဟာ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံး ရာထူးကြီးမြင့်သူ နိုင်ငံရေးသမားလည်း ဖြစ်လာခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။
ရုရှားဝန်ကြီးချုပ်က ၎င်းကိုယ်တိုင် ကူးစက်ခံရမှုကို အသုံးချပြီး ရုရှားနိုင်ငံသားတွေ ဗိုင်းရပ်စ်ကို အထူးဂရုပြုကြရန်နဲ့ မေလအထိ တိုးချဲ့ထားတဲ့ ၁၁ ရက်ကြာ အိမ်မှာနေရန် ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် တိုက်တွန်းခဲ့ပါတယ်။ ရုရှားမှာ ရာသီဥတု ပူနွေးလာမှုနဲ့အတူ ပြည်သူတွေ ကျေးလက်ဒေသများသို့ ပုံမှန် အလည်အပတ်ထွက်ကြမယ့် အခြေအနေကို စိုးရိမ်ပူပန်နေပါတယ်။
(Photo: TASS)
ထို့ကြောင့်လည်း လာမယ့်ရက်များအတွင်း မော်စကိုမြို့မှာ ကင်းလှည့်ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ချထားပြီး lockdown အစီအမံများ လိုက်နာစေရန် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ယနေ့ (မေ ၁ ရက်) မနက်အစောပိုင်းအထိ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရုရှားမှာ COVID-19 ကူးစက်ခံရသူ ၁၀၆,၄၉၈ ဦး၊ သေဆုံးသူ ၁,၀၇၃ ဦးနဲ့ ပြန်လည်သက်သာသူ ၁၁,၆၁၉ ဦးရှိခဲ့ပါတယ်။ ရုရှားမှာ COVID-19 ကူးစက်မှုဟာ ဧပြီ ၁ ရက်နေ့မှာ ၂,၇၇၇ ဦးရှိခဲ့ရာမှ ဧပြီ ၃၀ ရက်နေ့မှာ ၁၀၆,၄၉၈ ဦးအထိ တစ်လအတွင်း သိသာစွာ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။