မေသန်းနုကို တရားလို ဒေါ်စန်းစန်းမြင့်က ပုဒ်မ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ တို့နဲ့ နောက်တိုးအမှုအဖြစ် ထပ်မံတရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနုကိုတော့ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ ထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါအမှုနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
အကယ်ဒမီ မေသန်းနုကို နောက်တိုးတရားခံအဖြစ် ထပ်မံတရားစွဲဆိုခဲ့တဲ့အကြောင်းကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“လှည်းတန်းက အိမ်ကို သိန်း၂၅၀၀ နဲ့ ပေါင်ပေးလိုက်ရတာပါ။ ကိုသူခက်နဲ့ မေသန်းနုနဲ့ ကျွန်မဆီလာတယ်။ ပြီးတော့ မဆင့်က အကူအညီတောင်းလို့ ကျွန်မက လုပ်ပေးလိုက်တာ။ တရားခံက ပြေးသွားတာ မဟုတ်ဘူး ပထမက တရားစွဲတော့ သူမပါဘူး။ မပါတော့ မပေးတဲ့အတွက် ကျွန်မက နောက်တိုး စွဲလိုက်တာပါ။ နောက်တိုးတရားစွဲဆိုမှုကို တိုင်းကနေပြီးတော့ ပြန်ကျတာပါ” လို့ သူက ဆိုပါတယ်။
Photo: May Than Nu
တရားခံဘက်ကေ ဒါ်စန်းစန်းမြင့်ကို ပိုက်ဆံတွေလာပေးမယ်လို့ ပြောဆိုတာတွေရှိပေမယ့် အခုချိန်ထိ မပေးသေးဘူးလို့ ဆိုပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေ ပြန်ရမယ် ဆိုရင်တော့ မေသန်းနုကို တရားစွဲဆိုထားတဲ့ အမှုကိစ္စကို ကျေအေးပေးမယ့်အကြောင်း သူက ပြောပါတယ်။
“ ဆုံးရှုံးသွားတဲ့၊ နစ်နာသွားတဲ့အရာတွေ ပြန်ရရင် ကျွန်မ ကျေအေးပေးမှာပေါ့။ ကျွန်မကို အပြင်မှာ ပိုက်ဆံရပြီလို့ ထင်နေကြတာ။ ပေးမယ် ပြောပြီးတော့ မပေးပါဘူး။ ဆုံးရှုံးတဲ့အရာတွေ ဘာမှ မရတော့ တရားရုံးကို ဦးတိုက်ခဲ့တယ်။ ကျွန်မကို သနားပြီးတော့ အမှန်အတိုင်း ဆောင်ရွက်ပေးမယ့် တရားသူကြီးတွေ၊ ရှေ့နေတွေကိုလည်း မျှော်လင့်တယ်။ အားလည်း အားကိုးပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ ယင်းအမှုကိုတော့ ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ် စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
အကယ်ဒမီများရှင် သရုပ်ဆောင် မေသန်းနုဟာ ငွေကျပ် သိန်း ၁၂၀၀ လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့ကအလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုး အမှုအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ ထပ်မံ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အဆိုပါအမှုကိစ္စနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်စန်းစန်းမြင့်ကို တစ်လ ၅ သိန်း ပြန်ဆပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပေမယ့် ၂ လ ပေးခဲ့တယ်လို့ ဒေါ်စန်းစန်းမြင့်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
မေသန်းနုရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ဖြေရှင်းပေးသွားမယ်လို့လည်း စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ မေသန်းနုဟာ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားနဲ့ TV ကြော်ငြာတွေလည်း အများကြီးရိုက်ကူးထားသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ လက်ရှိ အမှုရင်ဆိုင်နေရတဲ့အတွက် အနုပညာလောကသားတွေနဲ့ အတူ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။