တက်တူးအဟောင်း တစ်ခုကို အနည်းငယ် ပြောင်းလဲ ဖန်တီးလိုက်ခြင်းဟာလည်း တစ်မျိုးဆန်းသစ်သွားစေပါတယ်။

အမျိုးသမီးတွေက အမာရွတ်တွေ၊ အကြောပြတ်ရာလေးတွေကို ဖုံးအုပ်ဖို့အတွက် တက်တူးဒီဇိုင်းမျီုးစုံထိုးကြတာ အခုနောက်ပိုင်းမှာ တော်တော်လေး ရေပန်းစားလာပါတယ်။

တက်တူးဆိုတာ အသားပေါ်က အနုပညာတစ်ခုပါ။ ကိုယ်သဘောကျနှစ်သက်တဲ့၊ မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေ၊ အသက်တွေကြီး အိုမင်းတဲ့အထိ ကိုယ့်ခန္ဓာကိုယ်ပေါ် ရှိစေချင်တဲ့ အရာတွေကို တက်တူးထိုးတတ်ကြပေမယ့် တက်တူးတစ်ခုထိုးတော့မယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုပေးပြီး ကိုယ်အသစ်အရေးခံမယ့် တက်တူးကို တစ်သက်လုံးသဘောကျနိုင်၊ မကျနိုင်စဉ်းစားရမယ်ဆိုတဲ့ အချက်ကိုတော့ အမြဲမေ့လျော့နေတတ်ကြပါတယ်။ ဒီအချက်ဟာ တက်တူးအရေးမခံခင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရမယ့်အရာတွေထဲမှာ အရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။

တချို့ကျတော့လည်း အဲဒီအချိန်ကာလတုန်းက သဘောကျပြီး ဆုံးဖြတ်ချက်ချ အသားပေါ်တင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီပုံကို သဘောမကျတော့ဘဲ ဘာလုပ်ရမှန်းမသိတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက ကိုယ်မကြိုက်တဲ့ပုံကို လေဆာနဲ့ ဖျက်တာမျိုးတွေထိ လုပ်လာကြပါတယ်။ ကျန်းမာရေးဗဟုသုတမရှိတဲ့ လူတွေကျပြန်တော့ ကိုယ့်ပုံပျက်ရင်ပြီးရောဆိုပြီး အရေပြားပေါ်က ပုံကို ဓားနဲ့မွှန်းတာမျိုးတွေ၊ ခြစ်တာမျိုးတွေ လျှောက်လုပ်တတ်ကြပြန်ပါသေးတယ်။ ကိုယ့်အရေပြားပေါ်ကပုံ၊ ဒါမှမဟုတ် စာသား စတာတွေကိုု မလိုချင်တော့ဘူးဆိုရင် ကိုယ့်အနေနဲ့ ရွေးချယ်နိုင်တဲ့ နောက်တစ်နည်းကတော့ ရှိပြီးသားတက်တူးကို နောက်တစ်ခုနဲ့ ဖုံးအုပ်လိုက်ခြင်းပါပဲ။ Cover Up လုပ်ပစ်လိုက်တာပေါ့။

ပြန်လည်ဖုံးအုပ်ပြီး ဆန်းသစ်ထားတဲ့ Cover Up တက်တူးတွေဟာ လေဆာနဲ့တက်တူးဖျက်ခြင်းရဲ့ ရေပန်းစားတဲ့ ကွဲပြားခြားနားမှု တစ်ခုဖြစ်သလို ကိုယ်မလိုချင်တော့တဲ့ အရေပြားပေါ်က တက်တူးဒီဇိုင်းတစ်ခုအတွက် အကောင်းဆုံး အဖြေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခုတစ်နှစ်၊ နှစ်နှစ်အတွင်းမှာတင် လူငယ်တွေဟာ ရှိပြီးသားပုံတွေကို တော်တော်လေး Cover Up လုပ်လာကြပါတယ်။ Cover Up အလုပ်များတဲ့ အသက်အရွယ်နဲ့ ဘယ်လိုပုံတွေ ပြန်ဖုံးပစ်တတ်ကြသလဲဆိုတဲ့အကြောင်းကို တက်တူးဆရာမလေး Sweet က ခုလို ဆိုပါတယ်။

“ခုနောက်ပိုင်း တက်တူးပုံ ၅ပုံလောက် ထိုးရရင် တစ်ပုံက Cover Up လာလုပ်ကြတာမျိုးပေါ့။ အဲ့ဒီလို လာလုပ်ကြတဲ့သူတွေထဲ လူငယ်တွေရော၊ လူလတ်ပိုင်းတွေရော အစုံပါပဲ။ အမျိုးသမီးတွေလည်း Cover Up လာလုပ်တတ်ကြပါတယ်။ တချို့ကျတော့ ပထမဆုံးစထိုးတုန်းက သေချာမစဉ်းစားဘဲ ထိုးလိုက်မိတာ မျိုးတွေကို ခုသဘောမကျတော့တဲ့အတွက် ပြန်အုပ်ပစ်ချင်တာပေါ့။ တချို့ကျတော့လည်း ကိုယ့်ချစ်သူရဲ့ နာမည်၊ ပုံတူဘာညာတွေကို အဲ့ဒီလူနဲ့ပြတ်သွားတော့ ပြန်အုပ်ပစ်ဖို့ လာကြတာမျိုး၊ တချို့ client တွေကျတော့ ထိုးတုန်းကဆေးရောင်က မကျန်တော့လို့၊မလှတော့လို့ ဆိုပြီး ပြန်ဖုံးချင်တာမျိုး အစုံပါပဲ” လို့ သူမက ရှင်းပြပါတယ်။

ကိုယ့်အရေပြားပေါ်က တက်တူးပုံ တစ်ပုံကို Cover Up လုပ်တော့မယ်ဆိုရင်တော့ သေချာစဉ်းစားရမယ့် အချက်တွေ၊ နောက် မဖြစ်မနေသိထားရမယ့်အချက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကဘာလဲဆိုတော့

Cover Up တက်တူးဆိုတဲ့အတိုင်း ပုံအဟောင်းကို အကောင်းဆုံးဖုံးနိုင်ဖို့အတွက်သာ အဓိကစဉ်းစားပါ။

ကိုယ်ကဘာပုံလေး ခုလက်ရှိသဘောကျနေတယ်။ ဘာစာလေးထိုးချင်တယ် ဆိုပြီးရှိတတ်ပေမယ့် ကိုယ်သဘောကျနေတဲ့ပုံက အရင်တက်တူးပုံဟောင်းကို အောင်မြင်စွာ Cover Up လုပ်နိုင်မလုပ်နိုင်ဆိုတာ ရှိပါတယ်။ ကိုယ်ကကြိုက်နေတာ watercolour လို ရည်ဆေးပုံတက်တူးမျိုးဆိုပေမယ့် ကိုယ်ဖုံးရမှာက ပါးပါးလေးနဲ့မရဘဲ ဆေးထူထူပုံကြီးကြီးဖြစ်ဖို့ လိုကောင်းလိုနေနိုင်ပါတယ်။

“Cover Up လုပ်မယ်ဆိုရင် တက်တူးဆရာ တစ်ယောက်ဟာ နဂိုရှိပြီးသား ဖန်တီးမှုတစ်ခုကို လိုက်ဖက်ညီစွာ ပြောင်းလဲနိုင်မယ့် (သို့) လုံလောက်စွာ ဖုံးအုပ်နိုင်မယ့် တက်တူးဒီဇိုင်း အသစ်တစ်ခုကို ဖန်တီးရပါတယ်။ Client နဲ့လည်း သေချာဆွေးနွေးရပါတယ်။ Client ရဲ့အရေပြားပေါ်က တက်တူးအဟောင်းရဲ့ အရွယ်အစား နဲ့ အရောင်ပေါ်မူတည်ပြီးတော့ ကိုယ့်အနေနဲ့ Cover Up လုပ်မယ့် တက်တူးဒီဇိုင်းရဲ့ အရွယ်အစားကို ကြီးလိုက်ရတာမျိုးရှိသလို တက်တူးမင်ရည် ပိုထူအောင်၊ အပိတ်ဖြစ်အောင် လုပ်ရတာမျိုးတွေလည်းရှိတယ်။” လို့ Sweet က ထပ်ရှင်းပြပါတယ်။

တက်တူးဆရာတစ်ယောက်ကို သေချာရွေးချယ်ပါ။

ကိုယ်အရေးခံချင်တဲ့ တက်တူးဆရာဟာ Cover Up အပိုင်းမှာ ကျွမ်းကျင်တဲ့ တက်တူးဆရာတစ်ယောက် ဖြစ်မဖြစ်ဆိုတာကို သူ Cover Up လုပ်ထားတဲ့ပုံတွေကိုကြည့်ပြီး သေချာဆုံးဖြတ်ပါ။ တက်တူးဆရာတွေ့ပြီဆိုရင်လည်း မထိုးခင် သူ့ရဲ့ တက်တူးဆိုင်ကိုသွားရောက်ပြီး ပွင့်ပွင့်လင်းလင်း ၊ ယုံယုံကြည်ကြည် သွားရောက်တိုင်ပင်ပါ။ ပရော်ဖက်ရှင်နယ် တက်တူးဆရာတစ်ယောက်ဟာ သင့်ရဲ့ တက်တူးအဟောင်းကို တွေ့တာနဲ့ အကောင်းဆုံး ရလဒ်တွေ ဖြစ်လာစေမယ့် Cover Up တက်တူး ဒီဇိုင်းတွေကို စဉ်းစားပေးပါလိမ့်မယ်။

 တက်တူးအဟောင်းကို ဖြည့်စွက်ပြီး Cover Up လုပ်လို့လည်း ရပါတယ်။

တက်တူးပုံတွေ Cover Up လုပ်တဲ့နေရာမှာ ဖြည့်စွက်ပြောစရာရှိတာက တက်တူးအဟောင်း တစ်ခုကို အနည်းငယ် ပြောင်းလဲ ဖန်တီးလိုက်ခြင်းဟာလည်း သင့်အရေပြားပေါ်က ပန်းချီလက်ရာတွေကို ဆန်းသစ်သွားစေတာတွေရှိပါတယ်။ ဥပမာ အရောင်မရှိတော့တဲ့ သက်တမ်းလွန်တက်တူးအဟောင်းကို အရောင်တွေနဲ့ ပြန်လည်ဆန်းသစ်လိုက်ရုံနဲ့ သင့်တက်တူးအဟောင်းဟာ ပြန်လည် လှပသွားနိုင်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး Sweet က “တစ်ခါတစ်လေကျတော့ Client တွေကို ရှင်းပြရတာမျိုးရှိတယ်။ ပုံကမလှတာမဟုတ်ဘဲ တချို့နေရာတွေက ဆေးပျက်နေတာ၊ မှိန်နေတာမျိုးတွေပေါ့၊ အဲဒါမျိုးတွေကို Cover Up မလုပ်ဘဲ သေချာဘယ်လိုပြန်ပြင်နိုင်တယ်ဆိုတာမျိုး၊ နောက် အဲဒီတက်တူးအဟောင်း တဝိုက်မှာ ပန်းပွင့်ပန်းခက်တွေ ၊ နာမည်၊ စာတန်း ဒါမှမဟုတ် သံလျက်၊ အရုပ်တစ်ခုခု စတဲ့ လိုက်ဖက်ညီတဲ့ တက်တူးဒီဇိုင်းတစ်ခုကိုလည်း ဖြည့်ရေးနိုင်တယ်ဆိိုတာမျိုး ရှင်းပြလိုက်တယ်။ အကုန်လုံးကို ဖုံးပစ်လိုက်မယ့်အစား အဲ့ဒီလိုလေး ဖြည့်ကြည့်မယ်၊ ဆေးပြန်တင်ကြည့်မယ်ဆိုရင်ရောဆိုပြီး အရင်တွေးကြည့်ခိုင်းဖြစ်ပါတယ်”တဲ့။

မူလ တက်တူးအဟောင်းရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကို သဘောကျဖို့ကတော့အရေးအကြီးဆုံးပါ။

တစ်ချို့လူတွေကျတော့ တက်တူးကို သဘောမကျတာထက် တက်တူးရှိနေတဲ့ နေရာ ဥပမာ လက်မောင်း၊ ခြေသလုံး၊ ပေါင်အစရှိတဲ့နေရာတွေကို သူတို့ဘာသာ အစကတည်းက သဘောမကျတာမျိုးတွေရှိတယ်။ လူတိုင်းလူတိုင်းက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး သဘောမကျတဲ့ အစိတ်အပိုင်းဆိုတာ ရှိစမြဲမဟုတ်လား။ ဒီတော့ ကိုယ်သဘောမကျတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာ ထိုးထားတဲ့တက်တူးမို့ ဘယ်လိုပုံပဲဖြစ်နေနေ ရာခိုင်နှုန်းပြည့်သဘောကျနိုင်မှာတော့ မဟုတ်ပါဘူး။ အဲဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါ့အပြင် Cover Up တက်တူးထိုးမယ်ဆိုရင်တော့ မူလရှိပြီးသား တက်တူးပုံထက် ပိုကြီးတဲ့ တက်တူးဒီဇိုင်းကို အသုံးပြုရတာကများပါတယ်။ အဲဒီလို Cover Up လုပ်ပြီးမှ ကိုယ်မကြိုက်တဲ့နေရာ အစိတ်အပိုင်းက ပိုသိသာပြီး ထင်သာမြင်သာဖြစ်သွားမယ့်အချက်ကို မမေ့ပါနဲ့။

ခုနောက်ပိုင်းဆိုရင် ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ၊ နောက်အကြောပြတ်ရာ စတာတွေကိုလည်း တက်တူးဒီဇိုင်းမျိုးစုံနဲ့ Cover Up လုပ်လာကြတာ တွေ့လာရပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေက ပိုစိတ်ဝင်စားတဲ့အပိုင်းလို့ ဆိုရပါလိမ့်မယ်။

ဒါကို Sweet က “ကိုယ့်ဆီလာတဲ့ အမျိုးသမီး Client တွေထဲမှာ သူတို့ကိုယ်ပေါ်က သဘောမကျတဲ့ အမာရွတ်တွေကို floral တက်တူးလေးတွေနဲ့ နောက်သူတို့သဘောကျတဲ့တက်တူးပုံလေးတွေနဲ့ Cover Up လာလာလုပ်ကြတယ်။ တချို့ကျတော့ အကြောပြတ်ရာလေးတွေပေါ့။ အဲဒါလေးတွေဆိုရင်လည်း ဘယ်လို ဖုံးပြီး ထိုးနိုင်မလဲဆိုပြီး မေးကြတယ်၊ တက်တူးရေးလာကြတယ်ပေါ့။ ဒါက ၂၀၁၈နဲ့ ၂၀၁၉မှာ တော်တော်လေးကို ရေပန်းစားလာတယ် လို့ ထင်ပါတယ်”တဲ့။

တက်တူးဆိုတာ ကိုယ်သေတဲ့အထိ ကိုယ်နဲ့အတူရှိနေမယ့်အရာတစ်ခုပါ။ ဒီတော့ ကိုယ့်အရေပြားပေါ်မှာ အမြဲရှိနေမယ့်အရာကို ကိုယ်ကျိန်းသေသဘောကျ၊ နှစ်ခြိုက်နေဖို့ လိုအပ်ပါတယ်။ မဟုတ်ဘူးဆိုရင် အဲဒီတက်တူးမပေါ်အောင် အဝတ်အစား စဉ်းစားရတာ၊ ဒီတက်တူးကြောင့် သွားရလာရ လူမှုဆက်ဆံရေး နယ်ပယ်မှာ ကိုယ့်ဘာသာကိုယုံကြည်မှုမရှိတာမျိုးတွေ ကြုံတွေရပါလိမ့်မယ်။ တကယ်လို့များ ကိုယ့်အရေပြားပေါ်က တက်တူးကို လုံးဝမကြိုက်တော့ဘူး၊ မထားချင်တော့ဘူးဆိုရင် Cover Up လုပ်မလား အရင်စဉ်းစားပါ။ ဒီလိုမှမဟုတ်ဘဲ အဲဒီနေရာမှာ ဘာ တက်တူးမှမရှိချင်တော့တာမျိုးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး လေဆာနဲ့ဖျက်လို့ရမရ ဆက်လက်စဉ်းစားရမှာ ဖြစ်ပါတယ်။ ခေတ်စနစ်တွေက တိုးတက်ပြောင်းလဲလာပြီမို့ တက်တူးဖျက်နိုင်တဲ့နေရာတွေ၊ ဆေးခန်းတွေလည်း အများကြီးပေါ်လာပါပြီ။ လေဆာနဲ့ဖျက်မယ်ဆိုရင် တစ်ခုစဉ်းစားရမှာက ဖျက်တာက ထိုးတာထက် ပိုကုန်ကျမယ်ဆိုတာပါပဲ။ ပြီးတော့ treatment ကုသမှုကိုလည်း တစ်ကြိမ်တည်းနဲ့ မဟုတ်ဘဲ တက်တူးအရွယ်အစား၊ ထိုးထားတဲ့အရောင်တွေပေါ် မူတည်ပြီး ဘယ်နှစ်ကြိမ်ဖျက်ရမယ်ဆိုတာမျိုးတွေ ရှိပါတယ်။ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားထားဖို့လည်း လိုပါတယ်။

ဒါကြောင့် တက်တူးမထိုးခင် ကိုယ်ရေးချင်တဲ့ ပုံ၊ စာတန်း၊ နာမည် စတာတွေကို တစ်သက်လုံးကြိုက်နိုင် မကြိုက်နိုင် အချိန်ယူပြီး သေချာစဉ်းစားရမှာဖြစ်သလို၊ ထိုးမယ့်တက်တူးဆရာလက်ရာကိုလည်း အမြဲစောင့်ကြည့်နေပြီး သူ့ရဲ့တက်တူးစတူဒီယိုက သန့်ရှင်းမှုရှိမရှိ၊ သူ့လက်ရာကဘယ်လို၊ သူဟာဘယ်အပိုင်း၊ ဘယ်လိုင်းထိုးတာပိုကျွမ်းတယ်ဆိုတာတွေကိုပါ မထိုးခင် လေ့လာထားဖို့ လိုပါတယ်။ တကယ်လို့များ ကိုယ်ထိုးထားတဲ့ တက်တူးကို လုံးဝမကြိုက်တော့ပါဘူးဆိုရင်တော့ အပေါ်မှာပြောထားတဲ့အချက်တွေအတိုင်း သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပထမတစ်ပုံကို မကြိုက်လို့ Cover Up လုပ်ပါတယ်ဆိုမှ ဒုတိယဖုံးလိုက်တဲ့ပုံကိုပါ မကြိုက်ဘူးဆိုရင်တော့ ကိုယ့်အနေနဲ့ အသားကလည်းနာသေး၊ ပိုက်ဆံကလည်းကုန်သေး ဖြစ်မှာမို့ အရေပြားပေါ်က အနုပညာတစ်ရပ်အတွက် သေချာအချိန်ပေးစဉ်းစားဖို့ အကြံပေးလိုက်ပါရစေ။

Share

Loading Next Article...
က္က