နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာနိုင်မှုကို စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ မတိုင်မီ အာဏာသိမ်းမှုဖြစ်နိုင်ကြောင်း ကောလာဟလတွေကို ထိုင်းစစ်တပ်အကြီးအကဲက ပယ်ချလိုက်ပြီး ၎င်းဟာ စစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

(ထိုင်းစစ်တပ်အကြီးအကဲ Apirat Kongsonmpong) (Photo: Reuters)

ထိုင်းရွေးကောက်ပွဲမှာ တော်ဝင်မင်းသမီး ဥဘောလ်ရတနာ ရာဇကညာက ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု မအောင်မြင်ခဲ့ပြီးနောက် စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းမှု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ပျံ့နှံ့ထွက်ပေါ်နေခဲ့ပါတယ်။



မင်းသမီးရာဇကညာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လာမှုကို သူမရဲ့မောင်ဖြစ်သူ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက မသင့်လျော်ကြောင်းနဲ့ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း နန်းတော်မှ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

(ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း) (Photo: SCMP)

ထိုင်းဘုရင်ရဲ့ ထိုသို့ ပြောဆိုမှုထွက်ပေါ်လာခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကလည်း မင်းသမီးရာဇကညာဟာ ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ချက်များနဲ့ မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအခြေအနေတွေအရ ၁၉၃၂ ခုနှစ်နောက်ပိုင်း စစ်တပ်အာဏာသိမ်းမှု တစ်ဒါဇင်ဖြစ်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာနိုင်မှုကို စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။

သို့သော် စစ်တပ်အကြီးအကဲ Apirat Kongsonmpong ကတော့ ရွေးကောက်ပွဲမတိုင်မီ အာဏာသိမ်းမှုဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေမှုတွေကို ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ တုံ့ပြန်ပယ်ချလိုက်ပါတယ်။ ၎င်းကို ယမန်နှစ် အောက်တိုဘာလအတွင်း ထိုင်းစစ်တပ်အကြီးအကဲအဖြစ် ဘုရင်ဗာဂျီယာလောင်ကွန်းက ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(မင်းသမီးရာဇကညာ) (Photo: AFP)

"ထိုင်းမှာ အာဏာသိမ်းမှု အခု ဖြစ်လာဖို့မရှိပါဘူး၊ မတ်လ ၂၄ ရက်မှာ ရွေးကောက်ပွဲလုပ်သွားမှာပါ" လို့ Apirat က ပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ပရာယွတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဗိုလ်ချုပ်ကြီးအနေနဲ့ မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိစေရန် ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ Aprit ကဆိုပါတယ်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအတွက် မူလတာဝန်ကို ပြန်လည်ထမ်းဆောင်မယ်လို့လည်း Aprit က ပြောခဲ့ပါတယ်။

မင်းသမီးရာဇကညာက လာမယ့် မတ်လရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဆက်နွယ်နေတဲ့ Thai Raksa Chart ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ မင်းသမီးရာဇကညာကို ကိုယ်စားလောင်းအဖြစ် အမည်တင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ဖျက်သိမ်းရန်ကိစ္စကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်သွားမယ်လို့ AFP သတင်းက ဖော်ပြထားပါတယ်။

(၂၀၁၄ စစ်တပ်အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်) (Photo: Reuters)

ယခု ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ယင်လတ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ထိုင်းစစ်အစိုးရက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က