မူလတန်းကျောင်းမှာ ကျောင်းသူကျောင်းသား ၁၀၀ ကျော် တက်ရောက်နေပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှာ မူလတန်းကျောင်းတစ်ကျောင်းရှိတဲ့ အဆောက်အအုံတစ်လုံး ပြိုကျခဲ့မှုအတွင်း ကလေးငယ် အများစု အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူအများအပြား အပျက်အစီးများအောက်မှာ ပိတ်မိနေနိုင်တယ်လို့ သိရပါတယ်။

(Photo: Reuters)

လာဂို့စ်မြို့ Ita Faji ဈေးဧရိယာရှိ သုံးထပ်အဆောက်အအုံ ယနေ့ (မတ်လ ၁၃ ရက်) ပြိုကျခဲ့ပါတယ်။ မူလတန်းကျောင်းဟာ အဆိုပါ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာရှိပြီး ကျောင်းသူကျောင်းသား ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံတွေအရ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများထဲမှာ လိုက်လံရှာဖွေနေကြတာ တွေ့ရပါတယ်။



လက်ရှိအချိန်အထိ လူသေဆုံးမှုနဲ့ အဆောက်အအုံ ပြိုကျရတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း BBC သတင်းက ပြောပါတယ်။ ဒေသခံမီဒီယတွေရဲ့ ဖော်ပြမှုအရ ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ လူနေတိုက်ခန်းတွဲဖြစ်ပြီး အိမ်ခန်းအများအပြားလည်းရှိတယ်လို့ သိရပါတယ်။

(Photo: Reuters)

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရရှိသူတွေကို အပျက်အစီးများထဲမှ ဆွဲထုတ်ခဲ့ရပါတယ်။ မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တွေရဲ့ မိဘတွေက အဆောက်အအုံ ပြိုကျမှုဖြစ်တဲ့နေရာကို စိုးရိမ်တကြီး ရောက်ရှိလာခဲ့ကြပြီး မိဘအချို့ကတော့ ဒေသခံဆေးရုံကိုသွားရောက်ကာ ကလေးတွေကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

မူလတန်းကျောင်းပါဝင်တဲ့ အဆိုပါ အဆောက်အအုံဟာ ဒေသစံတော်ချိန် ယနေ့ မနက် ၁၀ နာရီခန့်မှာ ပြိုကျခဲ့တယ်လို့ နိုင်ဂျီးရီးယား အရေးပေါ်စီမံခန့်ခွဲမှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ "အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ကလေးတွေ အပါအဝင် လူအများအပြား ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်" လို့ ၎င်းကပြောခဲ့ပါတယ်။

(Photo: Reuters)

နိုင်ဂျီးရီးယားသတင်းစာ The Punch ရဲ့ ဝက်ဘ်ဆိုက်မှာ တိုက်ရိုက် သတင်းတင်ဆက်မှုအရ မူလတန်းကလေးငယ်တွေ အပါအဝင် လူ ၁၀ ဦးထက်မနည်း အဆောက်အအုံ အပျက်အစီးများအောက်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ အဆောက်အအုံ ပြိုကျပြီးနောက် အပျက်အစီးများအောက်မှာ လူ ၂၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနဲ့ ယခု ပြိုကျခဲ့တဲ့ အဆောက်အအုံကို ဖြိုဖျက်ရန်အတွက် အာဏာပိုင်တွေက နှစ်ကြိမ်တိုင် သတိပေးစာကပ်ခဲ့ကြောင်း The Punch က ဖော်ပြထားပါတယ်။
(Photo: Wuzup Naija)

နိုင်ဂျီးရီးယားမှာ အဆောက်အအုံ ပြိုကျမှုတွေ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အဆောက်အအုံ ဆောက်လုပ်ရာမှာ အသုံးပြုပစ္စည်းများ စံချိန်စံညွှန်း မပြည့်မီမှုနဲ့ စည်းမျဉ်းစည်းကမ်းပိုင်း လျော့ရဲမှုတွေရှိနေပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း နိုင်ဂျီးရီးယားတောင်ပိုင်း Uyo မြို့ရှိ ဘုရားကျောင်းတစ်ခုရဲ့ ခေါင်မိုးပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ဖူးကြောင် သိရပါတယ်။



Share

Loading Next Article...
က္က