လက်ရှိမှာ တိမ်းရှောင်ပုန်းအောင်းနေကြပါတယ်။

ထိုင်းနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ နေအိမ်ဆောက်လုပ်မှုဖြင့် အမေရိကန်အမျိုးသားနဲ့ ၎င်းရဲ့လက်တွဲဖော် အမျိုးသမီးတို့ဟာ သေဒဏ်ချမှတ်ခံရနိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

(ထိုင်းကမ်းလွန် ပင်လယ်ပြင်မှာ တွေ့ရသည့် အိမ်ငယ်) (Photo: AP)

လက်ရှိမှာတော့ ထိုင်းကမ်းလွန်ပင်လယ်ပြင်မှာ အိမ်ဆောက်ခဲ့တဲ့ ချတ်ဒ်အယ်လ်ဝါတိုစကီး အမည်ရှိ အမေရိကန်အမျိုးသားဟာ ၎င်းရဲ့ လက်တွဲဖော်အမျိုးသမီး ဆူပရာနီး သီဒက်တ်နဲ့အတူ တိမ်းရှောင်ပုန်းအောင်းနေကြောင်း သိရပါတယ်။ ၎င်းတို့စုံတွဲရဲ့ အိမ်ငယ်လေးကို ဖူးခက်ကမ်းရိုးတန်းမှာ ၁၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း ၆၅ ပေမြင့်တဲ့ တိုင်းလုံးပုံသဏ္ဍန် စင်မြင့်တစ်ခုပေါ်မှာ တည်ဆောက်ထားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

(အယ်လ်ဝါတိုစကီးစုံတွဲ) (Photo: bitcoingirlthailand/IG)

သို့သော် အယ်လ်ဝါတိုစကီးကတော့ ၎င်းရဲ့အိမ်ငယ်ဟာ ကမ်းရိုးတန်းမှ ၁၃ မိုင်အကွာမှာ ဆောက်လုပ်ထားတာဖြစ်ကြောင်းနဲ့ ထို့ကြောင့် ထိုင်းနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ကနေ လွတ်ကင်းကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

"ထိုင်းရေတပ်က ပင်လယ်ထဲမှာ ကွန်ကရစ်နဲ့တည်ဆောက်ထားတဲ့ သိုလှောင်ကန်ကဲ့သို့ အရာတစ်ခု ပေါလောပေါ်နေတာ တွေ့ရှိခဲ့ပေမဲ့ အဲဒီမှာ ဘယ်သူမှတော့ ရှိမနေပါဘူး" လို့ ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး နစ်ခွန်းဆွမ်ဆွတ်ခ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ရေတပ်က ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မည်သို့ ဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စကို စဉ်းစားသွားမယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

(လုံခြုံရေးတပ်ဖွဲ့က ပင်လယ်ပြင်နေအိမ်ငယ်ထံ ချဉ်းကပ်သွားရောက်စဉ်) (Photo: Thai Navy/EPA)

ယခု ပုန်းရှောင်နေတဲ့ စုံတွဲဟာ ပင်လယ်ပြင်မှ နေအိမ်မဆောက်မီ ထိုင်းအာဏာပိုင်တွေထံမှ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိကြောင်း ရေတပ်ကဆိုပါတယ်။ နေအိမ်ဆောက်ခဲ့တဲ့ စုံတွဲဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးမှုဖြင့် အပြစ်ရှိကြောင်းတွေ့ရပါက ၎င်းတို့ဟာ ထောင်ဒဏ်တစ်သက်ကျခံရနိုင်ပြီး သေဒဏ်လည်း ကျခံရနိုင်ကြောင်း သိရပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးစနစ် Bitcoin မှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ အယ်လ်ဝါတိုစကီးဟာ ယခင်က အမေရိကန်စစ်တပ်မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

(ပင်လယ်ပြင်မှ နေအိမ်ငယ်) (Photo: Seasteading/YouTube)

အယ်လ်ဝါတိုစကီးတို့ စုံတွဲက နိုင်ငံတကာရေပိုင်နက်အတွင်း နေအိမ်ဆောက်လုပ်နေထိုင်ခြင်းဖြင့် မည်သည့်နိုင်ငံရဲ့ ဥပဒေနဲ့မဆို ကင်းလွတ်နေထိုင်နိုင်တဲ့ အယူအဆကို အကောင်အထည်ဖော်ကြသူတွေလို့ ဆိုပါတယ်။ ၎င်းတို့စုံတွဲက Seasteading ခေါ် ပင်လယ်ပြင်အတွင်း ထိုကဲ့သို့ နေအိမ်များဆောက်လုပ်မှုကို ကူညီထောက်ပံ့နေတဲ့ စွန့်ဦးတီထွင်သူများအုပ်စု Ocean Builders နဲ့လည်း ဆက်နွယ်နေပါတယ်။ ထိုင်းကမ်းလွန်မှာ ဆောက်လုပ်ထားတဲ့ အိမ်ငယ်ဟာလည်း Ocean Builders ရဲ့ ပထမဆုံး ပင်လယ်ပြင်နေအိမ် ဖြစ်တယ်လို့ဆိုပါတယ်။

(အယ်လ်ဝါတိုစကီးစုံတွဲ) (Photo: The Seasteading Institue/Facebook)

နိုင်ငံတကာရေပိုင်နက်မှာ နေအိမ်ဆောက်လုပ်နေထိုင်ခြင်းက လွတ်လပ်မှုကို နှစ်သက်မြတ်နိုးသူတွေ အတူတကွ စုစည်းနိုင်ပြီး အမှန်တစ်ကယ် လွတ်လပ်နိုင်မှာဖြစ်တယ်လို့ အယ်လ်ဝါတိုစကီးက ဖေဖေါ်ဝါရီလအတွင်း ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ပြောထားပါတယ်။ ထိုင်းကမ်းလွန်မှာ တွေ့ရှိရတဲ့ ရေပေါ်နေအိမ်ငယ်ကို ထိုလအတွင်းမှာ ဆောက်လုပ်ခဲတာဖြစ်ပြီး အာဏာပိုင်တွေက ယခု သီတင်းပတ်မှသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က