ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ အကြောင်းအရာတွေအပေါ် ထိုင်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော် (ဆွန်ခရမ် - Songkran) ကာလအတွင်း ဆိုရှယ်မီဒီယာမှာ အရက်သေစာ သောက်စားမှု၊ အဖော်အချွတ်နဲ့ ရိုင်းပြတဲ့အပြုအမှုများ ပါဝင်နေတဲ့ အကြောင်းအရာတွေ မတင်ကြရန် ရဲတပ်ဖွဲ့က ဧပြီ ၁၀ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

(Photo: The Nation)

ဆိုရှယ်မီဒီယာမှာ ထိုကဲ့သို့ အကြောင်းအရာ လွှင့်တင်သူတွေကို ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့ သိရပါတယ်။ ယခင် သင်္ကြန်ကာလများအတွင်း ဆိုရှယ်မီဒီယာမှာ အများအမြင် မသင့်တော်တဲ့ ဓာတ်ပုံတွေကို မကြာခဏ တွေ့ခဲ့ရတယ်လို့ ထိုင်းအစိုးရ Technology Crime Suppression Division (TCSD) မှ ဒုတိယအကြီးအကဲ Siriwat Deepor ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။



(Photo: AFP/Christophe ARCHAMBAULT)

ယခုနှစ် သင်္ကြန်ပွဲတော်ကာလမှာတော့ ကာမရာဂစိတ်နှိုးဆွမှု ဖြစ်စေတဲ့ အဖော်အချွတ် ဝင်ဆင်ထားသူတွေရဲ့ ဓာတ်ပုံ၊ ဗီဒီယိုကဲ့သို့ အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခြင်း သို့မဟုတ် ပြန်လည်မျှဝေခြင်း လုပ်ဆောင်သူများဟာ ကွန်ပျူတာအက်ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ Siriwat က ပြောပါတယ်။

(Photo: Khaosod)

ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် သင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူမြင်ကွင်းမှာ မဖွယ်မရာ ပြုမူမှုတွေကို ဗီဒီယို သို့မဟုတ် ဓာတ်ပုံရိုက်ကူးသူတွေဟာလည်း ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ပြီး ဘတ်ငွေ ၅၀၀ အထိ ငွေဒဏ်ချမှတ်ခံရနိုင်ပါတယ်။

(Photo: TIME)

ထိုင်းရဲတပ်ဖွဲ့ရဲ့ သတိပေးထုတ်ပြန်ချက်အရ ဆိုရှယ်မီဒီယာမှာ အရက်သေစာ သောက်စားမှုတွေ လွှင့်တင်ပြီ အခြားသူတွေကို ဖိတ်ခေါ်ပါကလည်း အရက်ပါဝင်တဲ့ အဖျော်ယမကာထိန်းချုပ်ရေး အက်ဥပဒေအရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဘတ်ငွေ ၅၀၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ သိရပါတယ်။ ထို့အတူ ထိုင်းသင်္ကြန်ရက်များအတွင်း အများအမြင် မသင့်တော်တဲ့ ဆိုရှယ်မီဒီယာပို့စ်များ သို့မဟုတ် Live ဗီဒီယိုလွှင့်မှုများကို ဥပဒေအရ အရေးယူသွားမယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။ 

ဆက်စပ်သတင်း - ထိုင်းသင်္ကြန် ပထမ နှစ်ရက်အတွင်း ယာဉ်တိုက်မှု ၁၀၀၀ နီးပါးဖြစ်ပြီး လူတစ်ရာကျော် သေဆုံးခဲ့


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က